ဝက်စ်ဟမ်းအသင်း နည်းပြ ဒေးဗစ် မိုယက်စ် က ဒီအပတ် အာဆင်နယ် အသင်းနဲ့ မတွေ့ခင်မှာ ဂန်းနားတို့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သလား မေးမြန်းခံရရာ သူ့အမြင်ကို သုံးသပ် ပြောဆိုခဲ့ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ ၆ မှတ်အသာဖြင့် ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းက မန်စီးတီးကို ကျော်ဖြတ်ပြီး ရာသီကုန်ရင် ချန်ပီယံ ဖြစ်လာမလား လို့ ပွဲကြိုမှာ မေးမြန်းခံခဲ့ရရာ မိုယက်စ်က –

” အာဆင်နယ်တို့ အခွင့်အရေးကောင်း ရထားပါတယ်။ သူတို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရမလားတော့ ကျနော် မသိဘူးလေ။ သူတို့က မန်စီးတီးလို ပြိုင်ဘက်ကောင်း ရထားတာပါ။ ဒါပေမယ့် အာဆင်နယ်က သိပ်ကောင်းကောင်း ကစားနေပါတယ်။

သူတို့က လိဂ်ကို အနိုင်ရဖို့ အဆင့်ကောင်း ရအောင် လုပ်ထားနိုင်တယ်။ သူတို့က အတော်လေး ကောင်းပါတယ်။ အဝေးကွင်းမှာလည်း ရလဒ်ကောင်းပါတယ်။ လို့ တုန့်ပြန် ဖြေကြားခဲ့ပါတယ်။

ဒီအပတ် ပွဲနဲ့ ပတ်သတ်ပြီးလည်း ” ဒီပွဲက ခက်ခဲမယ်ဆိုပေမယ့် ကျနော်တို့ဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အာဆင်နယ်ကို ရင်ဆိုင်ကစားရာမှာ ရလဒ်ကောင်းတချို့ ရထားပါတယ်။ ဒီပွဲမှာလည်း အဲ့လို လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ” လို့ ဝက်စ်ဟမ်း နည်းပြက ပြောဆိုခဲ့ပါတယ်။

တန်းဆင်းဇုန် ဖိအား ရှိနေတဲ့ ဝက်စ်ဟမ်း အသင်းဟာ အမှတ်ပေးဖလား ချန်ပီယံဖြစ်ရေး တိုက်ပွဲ ဝင်နေတဲ့ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာပါ။

ဝက်စ်ဟမ်းအသင်းရဲ့ လက်ကျန် ၉ ပွဲမှာ ၄ ပွဲက ကြီး ၆ ကြီး ကလပ်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၎င်းတို့ဟာ အာဆင်နယ် အပြင် မန်စီးတီးနဲ့ပါ ထိပ်တိုက်တွေ့ရဦးမှာ ဖြစ်ပါတယ်။