လီဗာပူးဟာ အပြောင်းအရွှေ့ပစ်မှတ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေ စုစည်းနေသလို လန်ဒန်က သူတို့ရဲ့ရုံးမှာ ပြီးခဲ့တဲ့ အပတ်က အစည်းအဝေး အလုပ်ခဲ့ပါတယ်။ မကြာခင်မှာ ဘရိုက်တန် ကွင်းလယ်လူ မက်အယ်လစ်စတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်တော့မှာပါ။

အေစီမီလန် အသင်း ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့ မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။ ကစားသမားကလည်း အင်္ဂလန်ကနေ ထွက်ခွာလိုနေပါတယ်။

စပါးအသင်း ဟာ အမြဲတမ်းနည်းပြသစ် ရှာဖွေမှုကို အရှိန်မြှင့်တင်ပြီး ချယ်ဆီးနဲ့ ပြိုင်ဆိုင်ဖို့ ပြင်ဆင်နေသလို လူးဝစ် အန်ရီကေး ထံ ဆက်သွယ်မှုလုပ်ဖို့ စီစဉ်နေပါတယ်။

အန်ရီကေးကို ချယ်ဆီးက ပေါ်တာကို ထုတ်ပြီးပြီးချင်း ခန့်အပ်ဖို့ အခွင့်ရှိခဲ့ပေမယ့် လမ်းပတ်ကိုသာ ယာယီ ခန့်အပ်ခဲ့တာပါ။

ဗင်းဆင့်ကွန်ပနီဟာ စပါးနည်းပြအလုပ်အတွက် အလားအလာရှိသူတစ်ယောက် ဖြစ်ပေမယ့် ဘန်လေဟာ သူ့ကို ဆက်ထိန်းထားဖို့ ထပ်တိုး စာချုပ်နဲ့သာ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

ခံစစ်မှူး လာပေါ်တေးအနေနဲ့ အသင်းကနေ ထွက်ခွာချင်တယ်ဆိုရင် မန်စီးတီးက တားဆီး ပိတ်ပင်သွားမှာ မဟုတ်ပါဘူး။

ချယ်ဆီးဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပကလပ်တွေရဲ့ စိတ်ဝင်စားမှုရထားတဲ့ ကော်နာ ဂါလာဂါကို ဒီနွေမှာ ထိုက်တန်တဲ့ ဈေးနှုန်းတစ်ရပ်ဖြင့် ရောင်းချဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ လူကာကူကို အပြီးသတ်ခေါ်တာထက် ကုန်ကျမှုပိုနည်းအောင်လို့ မိုချင်ဂလက်ဘက် တိုက်စစ်မှူး မားကပ်သူရမ်နဲ့ လီဗာပူးရဲ့ ဖာမင်နိုတို့ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

နယူးကာဆယ်ဟာ ကစားသမား ရောင်းချရာကရတဲ့ ပေါင်သန်း ၂၀ သာ အသုံးပြုဖို့ ကနဦး စီစဉ်ခဲ့ပေမယ့် အက်ဒီဟောင်း လက်ထက် တိုးတက်လာမှုကြောင့် လာမယ့် နွေရာသီ လူသစ်ခေါ်ယူရေးမှာ ငွေသုံးဦးမယ့် အလားအလာရှိနေပါတယ်။