မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ အပြောင်းအလဲတွေနဲ့ အဘက်ဘက် ကျဆင်းနေခဲ့တဲ့ စပါးကို မနေ့ညက ပရီးမီးယားလိဂ် ပွဲ အဖြစ် အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ၂-၂ ရလဒ်ပဲ ရယူနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာတင် ၂ ဂိုးပြတ် အသာရထားခဲ့ပေမယ့် ခြေစွမ်း သိပ်ကောင်းနေတဲ့ အဲရစ်ဆန် အပါအဝင် အသင်းသား အချို့ ဒုတိယပိုင်းမှာ လူစားလဲခြင်း ခံရတာက ယူနိုက်တက်ရဲ့ ကစားပုံကို ထိခိုက်စေခဲ့တယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်က် အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် ပွဲမှာ မိနစ် ၁၂၀ ကစားခဲ့ရတာမို့ တန်ဟက် မှာလည်း ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဒါပေမယ့် သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ လူစားလဲမှုတွေက ပွဲအပေါ် သက်ရောက်စေခဲ့တယ်လို့ ယူဆနေပါတယ်။
‘ ယူနိုက်တက်က စိတ်ပျက်နေပါလိမ့်မယ်။ သူတို့ အဝတ်လဲခန်းထဲကို ပြန်ဝင်တဲ့အခါ ငါတို့ ဘယ်လိုလုပ်ပြီးများ ဒီပွဲမှာ ရမှတ်တွေ ဆုံးရှုံးခဲ့သလဲ သူတို့ စဉ်းစားနေမှာပါ။
ပထမပိုင်းမှာ သူတို့က ယုံကြည်မှုပိုင်း ကျဆင်းနေတဲ့ စပါးအသင်းကို လွှမ်းမိုး ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် စပါးတို့ ပွဲထဲ ပြန်ဝင်လာနိုင်အောင် ခွင့်ပြုခဲ့မိတာအတွက် သူတို့ အတော်လေးကို စိတ်ပျက်နေမှာပါ။ ယူနိုက်တက်ရဲ့ လူစားလဲမှုတွေက ပွဲထိန်းချုပ်ရမှုကို လက်လွတ်ရစေတယ်လို့ ထင်မိပါတယ် ’ လို့ ဖာဒီနန် ကထောက်ပြခဲ့တယ်။
လူစားလဲမှုတွေက ပွဲ ရလဒ်ကို ထိခိုက်စေခဲ့တယ် ဆိုတဲ့ အမြင်ကို အိုဝင် ဟားဂရေ့ဗ်ကလည်း သဘောတူခဲ့ပါတယ်။
ဟားဂရေ့ဗ်က ‘ တနင်္ဂနွေနေ့က ဘရိုက်တန်ကို ရင်ဆိုင်ခဲ့ပြီးတဲ့နောက် တန်ဟက်က လူစားလဲမှု အချို့ကို ပြုလုပ်ဖို့ လိုအပ်တယ်လို့ ခံစားမိခဲ့တယ်။ ကစားသမားတွေက ပင်ပန်းနေလို့ သူလည်း လူစားလဲဖို့ လုပ်ခဲ့ရတာပါပဲ။
ပြီးခဲ့တဲ့ ၆ ပတ်လောက်အတွင်းမှာ သူ့ရဲ့ လူစားလဲမှုတိုင်း မှန်ကန်ခဲ့ပါတယ်။ အန်ဖီးမှာ အခိုက်အတန့် အချို့ လိုသလို မဖြစ်ခဲ့တာ၊ ဆီးဗီးလာပွဲမှာ အဆင်မပြေခဲ့တာနဲ့ ဒီနေ့ပွဲက လွဲလို့ပေါ့။ ဒါကလည်း အသင်းလူစာရင်း တောင့်တင်းမှုကို ထောက်ပြဖို့ လိုအပ်တဲ့ အချက်ပါပဲ။ ’ လို့ ဆွေးနွေးသွားခဲ့တာ ဖြစ်ပါတယ်။