နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက လန်ဒန်မှာ တော့တင်ဟမ် စပါးအသင်းကို သွားရောက် ရင်ဆိုင်ခဲ့ရာ ၂-၂ နဲ့ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဆန်ချို၊ ရက်ဖို့ဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ယူနိုက်တက်ဟာ ပထမပိုင်း ပြီးချိန်မှာ ၂-၀ နဲ့ ဦးဆောင်ထားခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ စွမ်းဆောင်ရည်ပိုင်း ကျဆင်းသွားပြီး အိမ်ရှင် စပါးတို့ ချေပဂိုးတွေ ပြန်ရသွားခဲ့ပါတယ်။

နည်းပြ တန်ဟက်ကတော့ ယူနိုက်တက် အသင်းသားတွေဟာ ဒီပွဲ အတွက် အသင့် မဖြစ်ကြသလို ပွဲစဉ်တွေက ဆက်တိုက် ခက်ခဲကြပ်တည်းလွန်းကြောင်း သရေ ရလဒ် အတွက် ဆင်ခြေ ပေးသွားခဲ့ပါတယ်။

” ကျနော်တို့က ပရီးမီးယားလိဂ်မှာ အဆိုးဆုံး ပွဲစဉ် ဇယား ကျထားတာပါ။ ဒါပေမယ့် ဒါကို ဆင်ခြေ အဖြစ် သုံးလို့တော့ မရဘူးပေါ။ ဒီနေ့ ကျနော်တို့ အသင်းသားတွေ ကြည့်ရတာ ပွဲ အတွက် အသင့် ဖြစ်မနေကြပါဘူး။

တချို့က ၉၀% လောက် ကစားနိုင်ရင် လုံလောက်ပါတယ် ပြောကြလိမ့်မယ်။ ကျနော်တို့က အာရုံစိုက်နိုင်တာကို ပျောက်ပျောက်သွားခဲ့တာ။ ဒါကို ပြန်ပြန် ခေါ် အာရုံစိုက်နေရတယ်။

ကစားသမားတွေကလည်း စက်ရုပ်တွေ မဟုတ်ဘူး ဆိုတာ ကျနော် သိတယ်။ ဒါက အတော် ပွဲကြပ်တဲ့ ကာလပါ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် ကစားနေပြီး ဒီဂျာစီ ကို ဝတ်ဆင်နေတည်းက ပွဲတိုင်း အားထုတ် သွားရမှာ၊ ယှဉ်ဖိုက်ဖို့ အသင့် ဖြစ်နေရမှာပါ။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကြောင်းပြချက် အပြင် တန်ဟက်က တော့တင်ဟမ်ကို အဝေးကွင်းမှာ သရေကျခဲ့တာက ကောင်းမွန်တဲ့ သရေပွဲ ဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့ပါတယ်။ စပါးနဲ့ပွဲ သရေကျခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ အဆင့် ၄ အတွင်း တစ်နေရာ သိမ်းဖို့ အတွက် အခြေအနေ ကောင်းနေပြီ ဖြစ်ပါတယ်။