ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်ကတော့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ဖူလ်ဟမ် Vs မန်စီးတီး

အားလုံး လက်ခံထားကြတဲ့ ယေဘုယျ သဘောကတော့ ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲက ပြီးသွားပါပြီ။ မန်ချက်စတာ စီးတီးကပဲ ဒီ ၆ ရာသီအတွက် ၅ ကြိမ်မြောက် ချန်ပီယံ ဖြစ်တော့မှာပါ။ စီးတီးက ဗုဒ္ဓဟူးနေ့ အာဆင်နယ်နဲ့ ပွဲမှာ တကယ်ကို ကေငာ်းခဲ့တာပါ။ သူတို့က ဂန်းနားတို့ကို တကယ်ပဲ အသာစီးယူ ဖိကစားသွားခဲ့တယ်။

ခုနေမှာ တစ်ခုတည်းသော သံသယ ဖြစ်စရာက စီးတီးဟာ လူစာရင်း အပြောင်းအလဲတွေ လုပ်ရင် ဟန်ချက် ဆက် ညီနေပါ့မလား ဆိုတာပါပဲ။ ဒါက လိဂ်ပွဲတွေကလည်း ရှိ၊ ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲတွေကလည်း မေ ၉ ရက်နဲ့ ၁၇ ရက်မှာ ရှိနေတော့ တကယ့် အရေးကြီးဆုံး ကိစ္စပဲ။ ဒီတော့ ဒီတပတ်ပွဲကိုလည်း သူတို့ အလှည့်ကျ လူချန် ကစားတာတွေ ဘာတွေ လုပ်လာနိုင်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ဖူလ်ဟမ် ကို ကျနော် မှားယွင်း အပြစ်တင်ခဲ့ပါသေးတယ်။ ဒီတနင်္ဂနွေမှာတော့ သူတို့ ဂိုးသွင်းမယ်လို့ ထင်တယ်။ စီးတီးကတော့ ၃ဂိုးထိ သွင်းမှာ။ မန်စီးတီးက ပွဲစဉ်တွေ ဆက်တိုက် ကြပ်နေတာကြောင့် တချိန်ချိန်မှာ အမှတ်လျော့ကောင်း လျော့ပါလိမ့်မယ်။ ဒါပေမယ့် ဒီပွဲတော့ မဟုတ်ဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဖူလ်ဟမ် ၁-၃ မန်စီးတီး။

မန်ချက်စတာယူနိုက်တက် Vs အက်စတွန်ဗီလာ

အက်စတွန်ဗီလာက ဒီပွဲမှာ ၃ မှတ်ရရင် မန်ချက်စတာ ယူနိုက်တက်နဲ့ အမှတ်ကွာဟချက် အတော် နည်းပြီး နီးကပ် သွားမှာပါ။ ဒါပေမယ့် အဲရစ်တန်ဟက် အသင်းကတော့ ပွဲကျန် ၂ပွဲ ရှိနေသေးတယ်။

ဗီလာက အခုလောက်ထိ ဘာလို့ ကောင်းလာသလဲ ကျနော် သဘောပေါက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝက်ကင်းစ်က တကယ် ခြိမ်းခြောက်နိုင်သလို ဘွန်ဒီယာကလည်း ဖန်တီးနိုင်စွမ်း ရှိတယ်။ သူတို့ နှစ်ယောက်က ကွင်းလယ်မှာ တကယ်ကို ဟန်ချက်ညီနေတော့တာ။

သူတို့က လွတ်လွတ်လပ်လပ်နဲ့ အတော်လည်း လှုပ်ရှား ကစားပါတယ်။ ဒီပွဲက အတော် အကြိတ်အနယ် ရှိမယ် ဆိုပေမယ့် ကျနော်ကတော့ ဗီလာဘက် ပို အသားပေးချင်တယ်။

ယူနိုက်တက်က သူတို့ဦးစားပေး ဗဟိုခံစစ်မှုးတွေ ဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဗာရန်းကို ကို လက်လွှတ်ထားရတယ်။ တိုက်စစ် ဆင်လာတဲ့ အသင်းတွေနဲ့ ဆိုရင် ယူနိုက်တက်က ယုံကြည်မှု မရှိသလို ဖြစ်နေပါတယ်။ ဒါကြောင့် အူနိုင်း အမ်မရီရဲ့ အသင်း အသာရသွားမယ် ကျနော် ထင်တာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာယူနိုက်တက် ၁-၂ အက်စတွန်ဗီလာ

လီဗာပူး Vs စပါး

လီဗာပူးအသင်းရဲ့ ပွဲကို ချဉ်းကပ်ပုံက တော့တင်ဟမ်နဲ့ အတွေ့မှာ အံကိုက် ဖြစ်နေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ယာဂင်ကလော့ပ် အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူပြီး ထရန့် အလက်ဇန်းဒါး အာနိုးကလည်း သူ့ နေရာသစ် ဖြစ်တဲ့ ကွင်းလယ် တက် ကစားရင် နေရာလွတ်တွေ ကျန်ခဲ့ပါတယ်။

စပါးက မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာ ပြန် ယှဉ်ဖိုက်ခဲ့ပြီး သူတို့ ယခင် ပုံစံ ပြန် ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ သူတို့ တစ်ခုခု ရသွားနိုင်တယ်လို့ ကျနော် မထင်ဘူး။ တစ်ရာသီလုံးလည်း သူတို့ စိတ်ပျက်ဖွယ် လုပ်ထားခဲ့တာပါ။

လီဗာပူးကတော့ ၃ ပွဲ ဆက် နိုင်ပွဲရပြီး ခြေတက်နေတယ်။ သူတို့က အဆင့် ၄ အတွင်း ဝင်ဖို့ အခုထိ လိုချင်နေတုန်းပဲ။ ဒီတော့ အခွင့်အရေး ရှိဖို့ ဆိုရင် လီဗာပူးဟာ လက်ကျန်ပွဲတိုင်းကို နိုင်မှ ဖြစ်မှာပါ။ ဒါပေမယ့် လုံလောက်မယ်တော့ မထင်ဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၁ စပါး။

အာဆင်နယ် Vs ချယ်ဆီး

ဖရန့်လမ်းပတ်က ရည်ရွယ်ချက်ကောင်းတွေနဲ့ ချယ်ဆီးမှာ ပြန် တာဝန်ယူလိုက်တာပါ။ ဒါပေမယ့် သူ့ရဲ့ ယာယီ နည်းပြ ဘဝကတော့ ၅ ပွဲ ကစား ၅ ပွဲ ရှုံးရလဒ်တွေနဲ့ ကပ်ဆိုက်နေပါတယ်။ သူ လုံးဝ စုံးစုံးမြုပ်နေတာကို ဘယ်လိုမှ ကောင်းတဲ့ ဘက်က ရှုမြင်စရာ မရှိပါဘူး။

အားလုံးက ပိုချက်တီနို နည်းပြ ဖြစ်လာမယ် ပြောနေကြပေမယ့် လက်ရှိ တာဝန်ယူနေတာက ဖရန့်ပါ။ ဒီ အခြေအနေ ကနေ သူ ဘာလုပ်နိုင်မလဲ ကျနော်တော့ မသိတော့ဘူး။

သူ့ကို ကျရှုံးသွားစေတာက ရီးရဲလ်မက်ဒရစ်ကို ရှုံးတဲ့ ပွဲတွေကြောင့် မဟုတ်ဘူး။ ဝုဗ်ကို ရှုံးလိုက်တာ၊ ဘရိုက်တန်ကို မယှဉ်နိုင်တာ၊ နောက်ပြီး အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို ရှုံးလိုက်တာ။ အခုဆို ဘရန့်ဖို့ဒ်ကတော့ ချယ်ဆီး အထက် ၈ မှတ် အသာမှာ ရှိနေတယ်။ ဒါမျိုး ဖြစ်လာမယ် လို့ ဘယ်သူ ထင်ခဲ့မှာတဲ့လဲ ?

ပြသနာတွေ ရှိနေတာက ချယ်ဆီး တသင်းတည်းတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့ကတော့ ပြသနာ အကြီးဆုံး ရှိနေတဲ့ အသင်းပေါ့။ အာဆင်နယ်မှာလည်း ပြသနာတွေ ရှိပါတယ်။ သူတို့ ယုံကြည်မှုတွေက တစစီ ပြန့်ကြဲနေသလိုပဲ လို့ ကျနော် မြင်တယ်။

ချန်ပီယံ အဆုံးဖြတ် ဖြစ်ခဲ့တဲ့ စီးတီးနဲ့ ပွဲမှာ ဒီလောက် ဂိုးပြတ် ရှုံးသွားတာက အာဆင်နယ်ကို ဘယ်လောက် ထိခိုက် နာကျင်သွားစေလဲ ကျနေ်ာတို့ မသိဘူး။ အခြေအနေကို မကြာခင် မြင်လာရတော့မှာပါ။

ဒါကြောင့် ဒီပွဲက ပြောရခက်ကြီး ဖြစ်နေတယ်။ ချယ်ဆီးကလည်း အတော် အခြေအနေ ဆိုးဆိုး ကြုံထားတော့ ဖိအားက ကုန်သလောက် ဖြစ်နေပြီ။ တဖက်မှာ ဂန်းနားတို့ကတော့ ရာသီကုန်ထိ တောင့်တောင့်တင်းတင်း သွားချင်နေတယ်။

ဒီပွဲက အရမ်းတော့ ကြမ်းမှာ မဟုတ်ဘူး၊ ဂိုးလည်း သိပ် မများလောက်ဘူး။ ဒီပွဲမှာ အာဆင်နယ်တို့ ပြန် အဖတ်ဆယ်နိုင်လိမ့်မယ် လို့ပဲ ကျနော် ရွေးချယ်လိုက်ပါမယ်။ သူတို့ နိုင်မှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၁ ချယ်ဆီး။

အခြား ပွဲစဉ်များ အတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်များ

  • Crystal Palace 1-1 West Ham
  • Brentford 2-0 Nottingham Forest
  • Brighton 2-1 Wolves
  • Bournemouth 1-1 Leeds
  • Newcastle 5-0 Southampton
  • Leicester 2-1 Everton