မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဖလားပြိုင်ဘက် အာဆင်နယ်ကို လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတာက ဆုလာဘ်ကြီး တစ်ခု ပါပဲလို့ နှစ်သိမ့် အားပေးစကား ထုတ်ပြောခဲ့ပါတယ်။

၂၀၁၆-၂၀၁၇ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လာမယ့်ရာသီမှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ထံ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပြီး အနည်းဆုံး ပေါင် သန်း ၅၀ တန်ကြေးရှိတဲ့ ဆုကြေးရဖို့ ရှိနေတယ်။

ပရီးမီးယားလိဂ် ဆုဖလားကိုတော့ အာဆင်နယ်က အရှုံးပေးဦးမှာ မဟုတ်သလို လက်တွေ့အားဖြင့် မန်စီးတီးက ဒုတိယ နေရာမှာပဲ ရှိနေပါသေးတယ်။

ဂွာဒီယိုလာက ” အာတီတာနဲ့ သူ့ကစားသမားတွေကို ကျနော် ကောင်းကောင်းသိပါတယ်။ အာဆင်နယ်က လက်မြောက် အရှုံးပေးမှာ မဟုတ်ပါဘူး။ ဒီရာသီ သူတို့ ရထားပြီးဖြစ်တဲ့ တကယ့် ဆုလာဘ်ကြီးကတော့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ပဲ ဖြစ်ပါတယ်။ သူတို့ အရှုံးပေးဦးမှာ မဟုတ်ပါဘူး။

ကျနော်တို့ ၁၀ မှတ်လောက် ဖြတ်နိုင်တဲ့ အချိန်ကျမှပဲ ဖလားပြိုင်ပွဲက ပြီးပြီလို့ ပြောမှာပါ။ လက်တွေ့ကျကျ ပြောရရင် ကျနော်တို့က သူတို့ထက် ၂ မှတ်တောင် နည်းနေပါသေးတယ်။ ကျနော်တို့မှာ ၂ ပွဲကစားဖို့ ကျန်သေးပြီး ဒီနေ့မှာ လိဂ်ကို ရပ်နားမယ်ဆိုရင် ချန်ပီယံဖြစ်မယ့် အသင်းက အာဆင်နယ်ပါ။

ကျနော်တို့က ဆုဖလားတွေ ပုံမှန် စိန်ခေါ်နေတယ်ဆိုပေမယ့် အာဆင်နယ်က ၁၇ နှစ်လောက် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ခြင်း မရှိပါဘူး။ ကျနော်တို့ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ အာဆင်နယ်ကတော့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ သရေကျပြီး ၁ ပွဲရှုံးထားတယ်။ ကျနော်တို့လည်း အာဆင်နယ်လို ရလဒ် ထိခိုက်နိုင်ပါတယ်။

ကျနော်တို့ မရှုံးနိုင်ဘူး ဟုတ်လား? ဘာလို့ မရှုံးနိုင်ရမှာလဲ။ တစ်ပတ်အတွင်း အမှတ်တွေ ဆုံးရှုံးနိုင်တယ်။ အဲ့အတွက် ပြင်ဆင်ထားမှပဲ ရမှတ်တွေ မဆုံးရှုံးမှာပါ ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီအပတ်မှာတော့ မန်စီးတီးက လန်ဒန်ထံသွားကာ ဖူလ်ဟမ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်က ချယ်ဆီးကို ဧည့်ခံရမှာဖြစ်ပါတယ်။