၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ အသုံးစရိတ် ပေါင် သန်း ၆၀၀ ဝန်းကျင် အသုံးပြုထားတဲ့ ချယ်ဆီးဟာ ဒီရာသီီရလဒ်တွေ မကောင်းဖြစ်နေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာထိကို ကျဆင်းနေပါတယ်။
ဇန်နဝါရီမှာတင် ကစားသမားသစ် ၈ ဦး ခေါ်ယူခဲ့သလို အန်ဇိုကို ဗြိတိန်စံချိန်တင်ကြေး ပေါင် ၁၀၅ သန်း၊ မူဒရစ်ကို ပေါင် ၈၈ သန်းဖြင့် ခေါ်ယူထားပေမယ့် ဒီရာသီ နည်းပြ ၃ ဦးထိ ပြောင်းလဲခဲ့ရပြီး ယာယီနည်းပြ လမ်းပတ် လက်ထက်မှာ ချယ်ဆီးတို့ အခြေအနေ ပိုဆိုးလာခဲ့တာပါ။
လီဗာပူးအသင်းဟာ ချယ်ဆီးကို ဥပမာယူပြီး ဒီနွေ ပြန်တည်ဆောက်မှုမှာ အသင်းနဲ့ အံဝင်မယ့် ကစားသမားတွေကိုပဲ ရွေးချယ် ခေါ်ယူပြီး အသင်းတစ်သင်းကို တည်ဆောက်ရမှာဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။
‘ ချယ်ဆီးနဲ့ပတ်သက်ပြီး ခံစားချက် နည်းနည်းရှိတာကို ဝန်ခံရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့ အဆင်ပြေမနေဘူးလေ။ သူတို့က ထိပ်တန်းအသင်းပါ ဒါပေမယ့် ထိပ်တန်းအသင်းတိုင်း ထိပ်တန်းကစားသမား အများကြီးကို ခေါ်ပြီး အလုပ်ဖြစ်မယ်လို့ ထင်နေလို့ မရပါဘူး။
အသင်းတစ်သင်းကို တည်ဆောက်ရမှာပါ။ ချယ်ဆီးတာဝန်ရှိသူတွေက အဲ့တာကို လျော့တွက်ခဲ့ပြီး သူတို့ရဲ့ နည်းပြတွေကို မဖြစ်နိုင်လောက်တဲ့ အလုပ်တစ်ခုကို လုပ်ပေးဖို့ တာဝန်ပေးခဲ့ကြတယ်။
အဝတ်လဲခန်း နှစ်ခုစာ လူအင်အား ရှိနေလို့ မရပါဘူး၊ ကွင်းနှစ်ကွင်းမှာ လေ့ကျင့်စေလို့လည်း မရပါဘူး။ ဆက်ဆံရေးတွေကို တည်ဆောက်ရမယ်၊ အသင်းလိုက် စိတ်ဓါတ်တွေနဲ့ အသင်းတစ်သင်းကို တည်ဆောက်ရမယ်။ လူများတိုင်း ပွဲမစည်ဘူးဆိုတာကို ချယ်ဆီးက သက်သေပြနေတာအတွက် ကျနော် နည်းနည်းလေး ပျော်ပါတယ်။
နောက်ဆုံးတော့ ချယ်ဆီး အဆင်ပြေသွားမှာပါ။ သူတို့က နောက်ရာသီ အင်အား တောင့်တင်းသွားပါလိမ့်မယ်။ ဒါပေမယ့် သူတို့လို သွားလုပ်လို့ မရပါဘူး။ ကျနော်တို့ လုပ်မှာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူခြင်းနဲ့ အသင်းတစ်သင်း တည်ဆောက်ရပါမယ် ‘ လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။