ဒီတလော အထူး ခြေစွမ်းပြနေတဲ့ အာဆင်နယ် အသင်းခေါင်းဆောင် မာတင်အိုဒီဂတ် အား ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်လူ လို့ အများက သတ်မှတ်ခြင်း ခံထားရတဲ့ မန်စီးတီးမှ ဒီဘရိုင်းနဲ့ နှိုင်းယှဉ် ပြောဆိုမှု ဂျင်မီ ကာရေဂါက ပြုလုပ်လာပါတယ်။
အာဆင်နယ်ဟာ သူတို့ ကိုယ်ပိုင် ဒီဘရိုင်းဗားရှင်း ကစားသမားကို ပိုင်ဆိုင်ထားပြီ လို့ လီဗာပူး နောက်ခံလူဟောင်းကြီး ကာရေဂါက ညွှန်းဆိုလာပါတယ်။
” သူတို့က တကယ်ကြီး အထင်ကြီးစရာ ကောင်းတယ်။ လူတိုင်းက ဒီ နယူးကာဆယ် – အာဆင်နယ် ပွဲက အမှတ်ပေးဖလား လုပွဲမှာ မန်စီးတီးကို ပို အသာရသွားစေမယ့် ပွဲလို့ ကြိုထင်ထားခဲ့ကြတယ်။ ဒီလူ အိုဒီဂတ်ကတော့ အသင်းခေါင်းဆောင် ပီသတဲ့ စွမ်းဆောင်ရည်မျိုး ထုတ်ပြပြီး ဂိုးသွင်းသွားတယ်။
ပြောရမယ် ဆိုရင် သူက အာဆင်နယ် ပိုင်ဆိုင်ထားတဲ့ ကီဗင် ဒီဘရိုင်းပါပဲ။ သူက အာဆင်နယ် ဘောလုံး ရဖို့ တာဝန် အပြည့်အဝ ယူထားတဲ့ သူပါ။ ” လို့ ကာရေဂါက အထူး ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲဟာ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ်မယ့် ပွဲ လို့ အများက ယူဆခဲ့ကြတာပါ။ ဒါပေမယ့် ဂန်းနားတွေက သူတို့ရဲ့ မလျှော့သော ဇွဲလုံ့လ ကို ထုတ်ပြပြီး ငှက်ကျားတွေ ကို အနိုင်ယူကာ စီးတီးအား ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။
ကာဆယ်နဲ့ ပွဲမှာ အာဆင်နယ်က ပွဲချိန် ၁၄ မိနစ်တည်းက အိုဒီဂတ် သွင်းဂိုးနဲ့ ဦးဆောင်ထားခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ OG တစ်ဂိုး ထပ်ရခဲ့တာကြောင့် အဝေးကွင်းမှာ ၂ဂိုးပြတ် နဲ့ နိုင်ခဲ့ပါတယ်။