ပရီးမီးယားလိဂ်ဘက်ကက လာမယ့်ရာသီအတွက် အပြောင်းအရွှေ့ စျေးကွက်ကို လာမယ့်လ ဇွန်လ ၁၄ ရက်နေ့မှာ တရားဝင် ဖွင့်မှာဖြစ်ကြောင်း ကြေညာပါတယ်။

ဒါကြောင့် ဇွန်လ လဝက်ကစပြီး ကစားသမား လက်မှတ်ထိုးမှုတွေကို တရားဝင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စျေးကွက်ကိုတော့ ၁၁ ပတ်ကြာ ဖွင့်ထားမှာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှာ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေဟာ စျေးကွက်မဖွင့်ခင်မှာတင် ကစားသမား ခေါ်ယူရေးတွေကို လှုပ်ရှားလာနေတာပါ။ အာဆင်နယ်၊ လီဗာပူးတို့က ဇွန်လအတွင်းမှာတင် အပြောင်းအရွှေ့ ကိစ္စတွေကို အပြီးသတ်ပြီး စျေးကွက်ဖွင့်တာနဲ့ တရားဝင် လက်မှတ်ထိုးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ် ဆိုရင် ဇူလိုင်လ ရာသီကြို မတိုင်ခင် ကစားသမားသစ် ခေါ်ယူရေးတွေ အပြီးသတ်ပေးဖို့ ကလပ်ကို တောင်းဆိုထားပြီး ကွင်းလယ်လူနဲ့ ခံစစ်မှူး အပါအဝင် လူသစ် ၄ ဦးလောက် ရောက်လာမယ်လို့ သတင်းကြီးနေပါတယ်။

မက်အယ်လစ္စတာ၊ မေဆန်မောင့်၊ ကိုင်ဆီဒို၊ ဒီကလန်ရိုက်စ်တို့လို ကစားသမားတွေဟာ ဒီနွေစျေးကွက်မှာ လူကြိုက်အများဆုံး ဖြစ်လာနေတယ်။ သူတို့တွေဟာ စျေးကွက် အစောပိုင်းမှာတင် အသင်းသစ်ရဖွယ်ရှိပြီး အခြားသော ခေါ်ယူမှုတွေကတော့ စျေးကွက် နောက်ဆုံးချိန်ထိ ဆက်ရှိနိုင်ပါတယ်။