ချယ်ဆီး ကွင်းလယ် ကစားသမား အန်ဂိုလို ကန်တေဟာ ဒီနွေမှာ စတမ်းဖိုဒ့်ဘရစ်ကို စွန့်ခွာပြီး စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်သွားဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၇ ရာသီအတွင်း ချယ်ဆီးအတွက် ၂၆၉ ပွဲ ကစားပေးခဲ့တဲ့ ကန်တေဟာ လက်စတာစီးတီးကနေ ချယ်ဆီးထံ ပေါင် ၃၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူပါ။ ကန်တေက လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ပြီး ချယ်ဆီးနဲ့ ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ကန်တေဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတွေကိုလည်း လန်ဒန်ကလပ်မှာ အောင်မြင်ခဲ့ပါတယ်။ ဒီကာလ တွေမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေခဲ့ရသလို နွေမှာ စာချုပ်ကုန်တော့မယ့် ပြင်သစ် ကွင်းလယ်လူဟာ အခုထိ စာချုပ်သစ် သဘောတူညီမှု မရသေးပါဘူး။

ဒီအချိန်မှာပဲ တဖက်မှာဆော်ဒီလိဂ်ကို ရည်မှန်းချက်ကြီးကြီးဖြင့် တိုးတက်အောင်လုပ်နေကြချိန် Al Ittihad အသင်းက တစ်နှစ်ကို ပေါင် ၈၆ သန်းပေးမယ့် စာချုပ်နဲ့အတူ ကန်တေကို ၂ နှစ် ခေါ်ယူနိုင်ရေး ကြိုးစားလာ နေတာပါ။

ဥရောပအင်အားကြီး ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အာဆင်နယ်တို့ကလည်း အလွတ်နဲ့ ရနိုင်မယ့် ကန်တေ ကို စိတ်ဝင်စားပေမယ့် ကစားသမားဘက်က ဆော်ဒီလိဂ်ထံ ပြောင်းရေး သဘောတူညီမှုရဖို့ နီးစပ်နေပါပြီ။

ချယ်ဆီးအသင်းကလည်း ဒီကလန်ရိုက်စ်နဲ့ ကိုင်ဆီဒိုလို ကစားသမားတွေကို ခေါ်ယူနိုင်ရေး လူစာရင်း ရှင်းထုတ်မှု များစွာကို ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။