လီယွန်နယ် မက်ဆီကတော့ ဒီနွေမှာ အသင်းဟောင်း ဘာစီလိုနာ ထံ ပြန်ချင်ပေမယ့် ဖြစ်မလာတော့ဘဲ မေဂျာလိဂ် ကလပ် အင်တာ မီယာမီ အသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း အတည်ပြု သွားခဲ့ပါပြီ။
ဘာစီလိုနာ ဆီ ပြန်ချင်ပေမယ့် ဘာကြောင့် မပြန်ဖြစ်တော့သလဲ ဆိုတာကိုလည်း ကတ်တလန်သားက အခုလို ဖွင့်ဟလာခဲ့ပါတယ်။
” ဟုတ်ကဲ့.. အမှန် ပြောရရင်တော့ ကျနော် ဘာစီလိုနာဆီ အရမ်း ပြန်ချင်ခဲ့တာပါ၊ ပြန်သွားဖို့လည်း စိတ်လှုပ်ရှားမှု အပြည့် ရှိနေခဲ့တယ်။ ဒါပေမယ့် တဖက်မှာလည်း ကျနော် ကြုံတွေ့ ခံစားဖူးခဲ့တဲ့ လမ်းခွဲချိန်ကို ပြန် မကြုံလိုတော့ဘူး။
ကျနော် ကိုယ့် ကို ကိုယ်နဲ့ မိသားစု အကြောင်းပဲ တွေးပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက် ချချင်ခဲ့ပါတယ်။ လာလီဂါ ကလည်း ကျနော် ပြန်လာမယ်ဆိုရင် ညှိနှိုင်းလို့ ရတာ အကုန် ညှိနှိုင်းပေးမယ် ပြေထားပြီးပြီ။ ပြန်သွားဖို့က အဆင်သင့်လို ဖြစ်နေပြီ ဟုတ်ပြီ.. ဒါပေမယ့် ဒီလို ဖြစ်လာဖို့ တခြား အရာတွေ အများကြီးလည်း လုပ်ရဦးမယ်။
ကျနော် ကြားတာကတော့ ကျနေ်ာ ပြန်လာဖို့ ဆိုရင် သူတို့ ကစားသမားတွေ ရောင်း၊ ဒါမှမဟုတ် ကစားသမားတွေ လစာ ကို လျှော့ချရမယ်။ အမှန် ပြောရရင် ကျနော် ဒါမျိုး မဖြစ်စေချင်ဘူး။ ကိုယ် ပြန်လာဖို့ တစ်ခုတည်း အတွက် ဒီလို စတေးတာတွေ မကြုံချင်ဘူး။
ကျနော် ဘာစီလိုနာမှာ ကစားတုန်းက မဟုတ်တဲ့ ကိစ္စတွေ အများကြီး စွပ်စွဲခံရဖူးပြီးပြီ။ ဒီအတွက် အတော်လည်း ပင်ပန်းခဲ့ပါပြီ။ ဒါကို ထပ်ပြီး မကြုံလိုတော့ပါဘူး။ ကျနော် အရင်တခေါက် ထွက်လာတုန်းကလည်း လာလီဂါက အသင်းမှာ ဆက်နေဖို့ အကုန် လုပ်ပေးမယ် ဘာမယ် လုပ်ခဲ့တာပဲ၊ အဆုံးမှာကျ မဖြစ်လာနိုင်ခဲ့ဘူး။
ဒါမျိုး ထပ်ဖြစ်မှာလည်း လန့်မိပါတယ်။ အဲဒီတုန်းက ပဲရစ်ကို ကျနော့် မိသားစုနဲ့ အမြန် ပြေးလာပြီး ဟိုတယ်မှာ နေခဲ့ရတယ်။ ကလေးတွေက ကျောင်းတက်ချိန်ကြီးနော်၊ ဒါမျိုး ကတိုက်ကရိုက်တွေလည်း ထပ် မဖြစ်ချင်တော့ပါဘူး။
ကျနေ်ာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဒါကြောင့် ချချင်ခဲ့တာ။ ဒါတွေကြောင့် ကျနော် ဘာစီလိုနာကို မပြန်နိုင်ပါဘူး။ ကျနော် ပြန်ချင်ပေမယ့် မပြန်နိုင်တော့ပါဘူး။
အခုချိန်မှာ အာရုံစိုက် မခံချင်တော့ဘူး။ မိသားစု အတွက် ပို တွေးပေးချင်တယ်။ ကမ္ဘာ့ဖလား ရတဲ့ ကာလကိုသာ ဖယ်လိုက်ရင် အရင် နှစ်တွေက ကျနော့်အတွက် ခက်ခဲတဲ့ ကာလတွေပါပဲ။ ကျနော် သိပ်လိုချင်ခဲ့တဲ့ ကမ္ဘာ့ဖလား ကို ရခဲ့ပြီးတဲ့နောက် ငြိမ်းချမ်းတဲ့ အခိုက်အတန့်လေး ခဏ ဖြစ်ဖြစ် ပိုင်ဆိုင်ချင်ပါတယ်။ ” လို့ မက်ဆီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။