ယူနိုက်တက် ဂိုးသမား ဒီဂီယာ ကို ခေါ်ယူဖို့ ဆော်ဒီဘက်က ကလပ်တွေက ချိတ်ဆက်နေတယ် လို့ သတင်း ထွက်နေပါတယ်။

လိုက်ပ်ဇ် အသင်းဟာ အီလန်ဂါ ကို ခေါ်ယူရေး အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်း စကိုင်းစပေါ့ ဂျာမနီ သတင်းက ဖော်ပြလာပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုကနေ ရေရာတဲ့ အဖြေတော့ မထွက်သေးပါဘူး။

ဆမ် အလာဒိုက်စ်ကတော့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားအား မန်ချက်စတာကနေ ထွက်ပြီး သူ့ကို သိပ် လိုအပ်နေတဲ့ တော့တင်ဟမ် စပါးအသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။

ကာတာ အုပ်စုဘက်ကတော့ ယူနိုက်တက် အတွက် ပဉ္စမမြောက် ကမ်းလှမ်းမှုကို နောက်ဆုံး အနေနဲ့ ပြုလုပ်လိုက်ပြီး လက်ခံမလား အပြီးငြင်းမလား တခုကိုပဲ ရွေးဖို့ အသိပေးလိုက်ပြီ ဖြစ်ပါတယ်။

တဖက်မှာလည်း ဗြိတိန်သူဌေး ရက်ဖ်ကလစ်က ယူနိုက်တက်ကို ဝယ်ယူရေး နောက်ဆုံး အဆင့် လုပ်ဆောင်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

ပြီးသွားတဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ ယူနိုက်တက် အတွက် ဂိုးထောက်ပံ့မှု အများဆုံး ပြုလုပ်သူက ဘရူနို ဖာနန်ဒက်စ် ဖြစ်နေပါတယ်။ ဖာနန်ဒက်စ်ဟာ ပြိုင်ပွဲစုံမှာ ၁၃ ကြိမ် ဂိုးထောက်ပံ့မှု လုပ်နိုင်ခဲ့တာပါ။ အဲရစ်ဆန် က ၁၀ ကြိမ် ရှိပြီး ရက်ဖို့ဒ်ကတော့ ၉ ကြိမ်နဲ့ တတိယနေရာမှာ ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းကြီးမှာ ပွဲထွက်ခွင့် မရခဲ့တဲ့ ဟာဗေး နဗီးလ်ဟာ အင်တာမီယာမီ အသင်းမှာ လီယွန်နယ် မက်ဆီနဲ့ အတူ ကစားခွင့် ရတော့မှာ ဖြစ်ပါတယ်။ ၎င်းဟာ ယခင် အင်တာမီယာမီ နည်းပြဟောင်း ဖီးနဗီးလ် ရဲ့ သား လည်း ဖြစ်ပါတယ်။