မန်ချက်စတာစီးတီးနဲ့ အင်တာမီလန်အသင်းတို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် လာမယ့် စနေနေ့ည၊ အစ္စဘူလ်မှာ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။

ဥရောပ ဗိုလ်လုပွဲ ဖြစ်တဲ့ ဒီ ပွဲကြီးပွဲကောင်းအတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်က အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” ကျနော်ကတော့ မန်စီးတီးဘက်က ရှိချင်တာပေါ့။ ဒါပေမယ့် အတိတ်မှာလည်း လွန်ခဲ့တဲ့ ၂နှစ်တုန်းက လူတွေက ဒီလိုပဲ ချယ်ဆီးနဲ့ တွေ့တုန်းက ထင်ခဲ့ကြဖူးတယ်။

ဒီတကြိမ်က စီးတီး အကောင်းစား အခွင့်အရေး ရနေတာပါ။ ဖလား ၃ လုံး ယူဖို့ အခွင့်အရေးဆိုတာ ခဏခဏကြီး ရမှာ မဟုတ်ဘူး။ အင်္ဂလိပ်အသင်းတွေထဲ တစ်သင်းသာ လုပ်နိုင်ခဲ့ဖူးပြီး အဲဒါက သူတို့ အိမ်နီးချင်းတွေပါ (ယူနိုက်တက်)။

အင်တာမီလန်မှာ ကစားသမားကောင်းတွေ ရှိလို့ သူတို့က ပြသနာတွေ ပေးနိုင်ပါလိမ့်မယ်။ သူတို့က တိုက်စစ် နှစ်ယောက်တင် ကစားလာနိုင်တယ်။ ဒါကို မန်စီးတီး ထည့် စဉ်းစားရမှာပါ။ အဲဒီလိုသာ ဆိုရင် ဂျွန်စတုန်း ကစားပုံကို အနှောင့်အယှက် ဖြစ်နိုင်တယ်။ ဘယ်ရယ်လာ၊ မီခီတာရန် တို့နဲ့ အတူ သူတို့ဆီမှာ ဘောလုံး ပေးပို့နိုင်သူတွေ ရှိနေတယ်။

အင်တာက ဒါဘီပွဲမှာ အေစီမီလန်ကို လုံးဝ ချေမှုန်းပစ်ခဲ့တယ်။ အဲဒီလိုဟန်မျိုးသာ ပွဲစ ကစားနိုင်ရင် သူတို့မှာလည်း အခွင့်အရေး ရှိတယ်။ လူကာကူက ခြေကောင်းရနေတော့ ဒီပွဲ ပါဝင် ကစားရမယ် ထင်တယ်။ ဧရိယာထဲမှာ ဆို သူ တိုးဝင်လာမှာကို ဘယ်ပြိုင်ဘက်မှ လိုချင်မှာ မဟုတ်ဘူး။

ပရီးမီးယားလိဂ်မှာက ဘောလုံးကိုင်ပြီး သက်တောင့်သက်သာ ကစားနိုင်တဲ့ ကွင်းလယ်သမား များများ မရှိဘူး။ အဲဒီလို ရှိတဲ့ အာဆင်နယ်၊ ဘရိုက်တန် တို့လို အသင်းတွေနဲ့ တွေ့ရင် မန်စီးတီး နည်းနည်း ရုန်းကန်ရတယ်။ စီးတီးရဲ့ press ကို ချိုးဖျက်နိုင်ရင် ကျော်ဖြတ်နိုင်ခြေ ရှိပါတယ်။

မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူ ကျော်ဖြတ်ရုံတင် မကဘူး၊ လွှမ်းမိုး ကစားခဲ့တယ် ဆိုတာတော့ သတိရမှ ဖြစ်မယ်။ ပက် ဂွာဒီယိုလာက တကယ့်ကို အံ့ဖွယ် မန်နေဂျာ တစ်ယောက် ဖြစ်ပြီးသားပါ။ သူက တခြား ပြိုင်ဘက် မန်နေဂျာတွေကို သူနဲ့တွေ့ရင် ဘယ်လို ကစားရမလဲ ခေါင်းစားစေနိုင်သူပါ။ သူတို့က တခြား ဂြိုဟ်က အသင်း ရောက်နေသလိုပါပဲ။

မန်စီးတီးကို ခြေချော်စေနိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရာက စိတ်လှုပ်ရှားမှုပဲ လို့ ကျနော်တော့ မြင်တယ်။ တကယ်လို့သာ မန်စီးတီးက စနေနေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်း ကစားနိုင်ရင် သူတို့ ဖလား ၃ လုံး ရပြီပဲဗျာ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၃-၁ အင်တာမီလန် ဖြစ်ပါတယ်။