မန်စီးတီး အသင်းရဲ့ ချန်ပီယံလိဂ် ဖလား အောင်နိုင်သွားတဲ့ ဖိုင်နယ်ပွဲ အပြီးမှာ စီးတီး ကွင်းလယ်လူ ဂျက် ဂရေးလစ်ချ် ကတော့ ဝမ်းသာမျက်ရည်တွေ ကျနေခဲ့ပြီး သူ့ရဲ့ ပျော်ရွှင်မှုကို ဖွင့်ဟသွားခဲ့ပါတယ်။

ဂရေးလစ်ချ် ဟာ မနေ့ညက ပွဲမှာ မိနစ် ၉၀ ပြည့် ပါဝင် ကစားခဲ့ပြီး မန်စီးတီးဟာ အင်တာမီလန်ကို ရိုဒရီရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးဟာ ဒီရာသီ ဖလား ၃ လုံး ယူနိုင်တဲ့ ဒုတိယ မြောက် အင်္ဂလန် အသင်းလည်း ဖြစ်လာခဲ့တာပါ။

” ဒါမျိုး အောင်နိုင်မှု ဆိုတာ တဘဝလုံး လုပ်လာခဲ့တာ ဒီအတွက်ပဲ မဟုတ်လား။ ကျနေ်ာတော့ သိပ် သိပ်ကို ပျော်နေပါပြီ။

ဒီနေ့ ကျနော် ကစားတာ အတော် မကောင်းဘူး။ အလွဲတွေနဲ့၊ ဒါပေမယ့် ကျနော် ဂရုမစိုက်ဘူးဗျာ။ ဖလား ၃ လုံးကို ဒီ နည်းပြ၊ ကစားသမား အုပ်စုနဲ့ အတူ အောင်မြင်နိုင်ခဲ့တာက သိပ်ကို စပါယ်ရှယ် ဖြစ်သွားပြီ။

ကျနော့်ကို သိတဲ့ သူတိုင်းက မိသားစု ကို ဘယ်လောက် ချစ်တယ်၊ ဘောလုံးကို ဘယ်လောက် ချစ်တယ် ဆိုတာ သိကြမှာပါ။ တဘဝလုံး နှစ်ပြီး ကြိုးစားလာခဲ့တာ ဒီလို အောင်မြင်မှုတွေ ရယူဖို့ပါပဲ။

ဒီ ခရီးရှည်ကြီးမှာ ကိုယ့်ကို ကူညီခဲ့သူတွေ ကို တွေးမိပြီး မိသားစု ကို ပွဲကြည့်စင်မှာ မြင်ရတာက တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ ” လို့ ဂရေးလစ်ချ်က သူ့ရဲ့ ဝမ်းမြောက်မှုကို မျက်ရည်တွေနဲ့ မျှဝေ ပြောဆိုသွားပါတယ်။

မန်ချက်စတာ စီးတီးထံ ၂၀၂၁ မှာ ရောက်လာခဲ့ပြီး ပေါင် သန်း ၁ဝဝ ပြောင်းရွှေ့ကြေး သုံးကာ ခေါ်ယူခဲ့တဲ့ နည်းပြ ပက် ဂွာဒီယိုလာအား ဂရေးလစ်ချ် က ကျေးဇူးတင်စကားလည်း ဆိုခဲ့ပါတယ်။

” မန်နေဂျာကတော့ တကယ့်ကို ဉာဏ်ကြီးရှင်ပဲဗျာ။ ဟုတ်တယ် မလား။ ကျနော် အခုပဲ သူ့ကို ကျေးဇူးတင်စကား ပြောလာခဲ့တာပါ။ ဒီလို ကိစ္စတွေ ဖြစ်လာအောင်၊ ကျနော့်ကို ယုံကြည်မှု ပေးခဲ့တာ၊ ငွေတွေ အများကြီး သုံး ဝယ်ယူခဲ့တာ၊ ပြီးခဲ့တဲ့ ရာသီက ကျနော် ခြေစွမ်း မကောင်းတာတောင် အတူ ရပ်တည်ပေးခဲ့တာတွေ အတွက်ဗျာ။ ” လို့ အင်္ဂလန်သားက ပြောဆိုခဲ့ပါတယ်။