ချယ်ဆီးအသင်းဟာ ကိုင်ဟာဗက်အတွက် အာဆင်နယ်ဘက်က လျော့ဈေးဖြင့် ကမ်းလှမ်းမှုကို ပယ်ချထားသလို မေဆန်မောင့်အတွက် မန်ချက်စတာ ယူနိုက်တက်ထံက ဒုတိယမြောက် ကမ်းလှမ်းမှုကိုလည်း စောင့်မျှော်နေပါတယ်။
မေဆန် မောင့်အတွက် ယူနိုက်တက် က ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းခဲ့ကာ ချယ်ဆီးက ငြင်းဆန်ခဲ့တာပါ။ ဒီနွေမှာ မောင့်ကို ထွက်ခွင့်ပေးမှာဖြစ်ပေမယ့် ပေါင် သန်း ၇၀ ထိရဖို့ ချယ်ဆီးဘက်က မျှော်လင့်ထားပါတယ်။ ယူနိုက်တက် ဘက်ကတော့ ပေါင် သန်း ၆၀ ထက် မကျော်ဖို့ မျှော်လင့်နေပါတယ်။
အလားတူ ကိုင်ဟာဗက်အတွက် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားခဲ့ကာ ဂျာမန်သား အတွက် ချယ်ဆီးက ပေါင် သန်း ၇၀ ထိ တောင်းဆိုထားတာပါ။ အာဆင်နယ်ဘက်က ဒုတိယမြောက် ကမ်းလှမ်းမှု ပေးဖို့ရှိကာ ပေါင် သန်း ၆၀ မှာတင် ဈေးတည့်ဖို့ မျှော်လင့်နေပါတယ်။
ကစားသမား ၂ ဦးလုံးအတွက် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရဖို့ ပြဿနာ မရှိပါဘူး။ သူတို့ နှစ်ဦးကို ထွက်ခွင့်ပေးရရင် ချယ်ဆီးဘက်က လုပ်ခ ပေါင် ၃၅၀၀၀၀ ခန့် သက်သာမှာ ဖြစ်ပါတယ်။
ချယ်ဆီးကတော့ မောင့်နဲ့ ဟာဗက်အတွက် ရမယ့် ပေါင် သန်း ၁၂၀ ဝန်းကျင်ကို ဒီနွေဈေးကွက်မှာတင် အကုန်အစင် ပြန်သုံးဖို့ ရည်ရွယ်ထားပါတယ်။
ဘရိုက်တန်မှ ကိုင်ဆီဒိုအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေကာ ပေါင် သန်း ၃၀ တန် စာချုပ်ပါကြေး ပါဝင်တဲ့ ဗီလာရီးရဲလ်မှ နီကိုးလစ် ဂျက်ဆန်နဲ့လည်း ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပါပြီ။
ကန်တေကို ဆော်ဒီလိဂ်ထံ အလွတ်ဖြင့် ထွက်ခွင့်ပေးမယ့် ချယ်ဆီးဟာ ကိုဗာဆစ်၊ လူကာကူ၊ ကူလီဘာလေ၊ လော့တပ်ချိစ် တို့ကိုလည်း ရောင်းချသွားဦးမှာ ဖြစ်ပါတယ်။