ပရီးမီးယားလိဂ်ဟာ Three နေရာ အစားထိုးမယ့် ဂျာစီ စပွန်ဆာအသစ် အဖြစ် ချယ်ဆီးဘက်က တင်ပြလာမှုကို လက်ခံပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပိုင်ရှင်ဟောင်းဖြစ်တဲ့ ရိုမန်အေဘရာမိုဗစ်ကို ဆန်ရှင်ချခဲ့ကြချိန်မှာ မိုဘိုင်းဖုန်း အော်ပရေတာ Three က ချယ်ဆီး အသင်းနဲ့ သူတို့ရဲ့ တစ်နှစ်ကို ပေါင် သန်း ၄၀ တန် စာချုပ်ကို အမြန်ဆုံး ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တော့ဘိုးလီတို့ လက်ထက်မှာတော့ ချယ်ဆီးဟာ အဖွဲ့ပေါင်း များစွာနဲ့ စကားပြောမှုတွေ ပြုလုပ်ခဲ့တယ်။ အဲ့ဒီထဲက အမေရိကန် ဖျော်ဖြေရေးကုမ္ပဏီ Paramount Plus နဲ့ စပွန်ဆာကိစ္စ စကားပြောမှု အဆင်ပြေခဲ့ရာမှာ ပရီးမီးယားလိဂ် ဘက်က လက်မခံခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ Paramount Plus ကြား စာချုပ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြသခွင့် ပိုင်ဆိုင်ထားတဲ့ Sky Sports, BT Sport လို အမေရိကန် ရုပ်သံရဲ့ ပြိုင်ဘက် ရုပ်သံဌာနကြီးတွေကို စိတ်ပျက်စေခဲ့ပါတယ်။

Paramount ကို ပရီးမီးယားလိဂ်ဘက်က ငြင်းဆန်ရခြင်းကတော့ အမေရိကန် ဖျော်ဖြေရေး ကုမ္ပဏီဟာ အင်္ဂလန်မှာ ပြသခွင့် မရှိထားတာကြောင့် ဖြစ်ပါတယ်။

ချယ်ဆီးဟာ အွန်လိုင်း ကာစီနိုအဖွဲ့ဖြစ်တဲ့ Stake နဲ့ စကားပြောနေပေမယ့် အင်္ဂလန်မှာက လောင်းကစားအဖွဲ့တွေကို ဂျာစီ စပွန်ဆာပေးခွင့် ပိတ်ပင်ဖို့ ဆုံးဖြတ်ထားပါပြီ။ အခြားသော အဖွဲ့အဖြစ် ဂျာမာန် ဘဏ္ဍာရေး ဆားဗစ်အဖွဲ့ Allianz နဲ့လည်း စကားပြောမှု ရှိပါတယ်။

ရာသီသစ်စဖို့ ၂ လဝန်းကျင် လိုသေးတယ်ဆိုပေမယ့် လာမယ့်ရာသီ ချယ်ဆီးအသင်းရဲ့ အဓိက စပွန်ဆာ ဘယ်အဖွဲ့ ဖြစ်လာမလဲဆိုတာကို အဖြေရှာပေးဖို့ ကလပ် တာဝန်ရှိသူတွေက ကြိုးစားရမှာပဲ ဖြစ်ပါတယ်။