မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ ကစားသမားသစ် မခေါ်ယူနိုင်သေးပေမယ့် များစွာသော အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတာပါ။
စကိုင်းစပေါ့ သတင်းထောက်ဖြစ်သူ Dharmesh Sheth ကတော့ ပြင်သစ်လိဂ်ဖြစ်တဲ့ လီဂူးဝမ်းကလပ် မိုနာကိုကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ခံစစ်မှူး ဒီဇာဇီဟာ ယူနိုက်တက်ထံ ပြောင်းလာလိုနေတယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ကလည်း ဒီဇာဇီကို သဘောကျပေမယ့်လို့ မိုနာကို တောင်းဆိုမယ့် ယူရို သန်း ၅၀ ဟာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အဓိက အဟန့်အတား ဖြစ်လာနေပါတယ်။ ဒီဇာဇီဟာ ယူနိုက်တက်အတွက် နောက်ထပ် အီဗရာလို ကစားသမား ဖြစ်လာနိုင်ကြောင်း ထောက်ခံခြင်းတွေတော့ ရှိထားပါတယ်။
အီဗရာဟာလည်း သူ့အသက် ၂၅ နှစ်လောက်မှာ မိုနာကိုကနေ အိုးထရတ်ဖိုဒ့်ကို ပြောင်းလာခဲ့ပြီး တောက်ပခဲ့တာ ဖြစ်ပါတယ်။
နည်းပြတန်ဟက်နဲ့ ခံစစ်မှူး မက်ဂွဲရားတို့ ဒီရက်ပိုင်း စကားပြောဖို့ စီစဉ်ထားကာ အဲ့က ထွက်လာမယ့် အခြေအနေဟာ ယူနိုက်တက်က ဒီဇာဇီအတွက် ကမ်းလှမ်းမလား အကြောင်းရင်း ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် ဒီဇာဇီဘက်က အသင်းပြောင်းလိုနေသလောက် မိုနာကိုဘက်ကတော့ သူ့ကို ရောင်းချဖို့ အဲ့လောက်ကြီး အားတက်သရော ရှိနေတာ မဟုတ်ပါဘူး။ ယူနိုက်တက်ရဲ့ ဦးစားပေးကလည်း ဂိုးသမား၊ တိုက်စစ်မှူးနဲ့ ကွင်းလယ်လူတွေဖြစ်လို့ ဒီဇာဇီ ကိစ္စက ခပ်မြန်မြန်တော့ ဖြစ်လာနိုင်ခြေ အတော် နည်းသေးတယ် လို့ ယူဆရပါတယ်။