မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနွေမှာ အသင်းသား တစ်ဒါဇင် ထိကို ရှင်းထုတ်ဖို့ ရည်ရွယ်ထားပြီး နွေ အသုံးစရိတ် ပေါင် သန်း ၂၀၀ ကျော်ကို ကစားသမား ရောင်းချမှုကနေ ရှာဖွေလိုနေပါတယ်။
နည်းပြ တန်ဟက်ဟာ သူ့လက်ထက် အိုးထရတ်ဖိုဒ့်ကို ပြန်လည် တည်ဆောက်နေရာမှာ အခုချိန်ထိ ပွဲထွက် ၁၁ ဦး စာရင်းကို အကောင်းဆုံး မစုစည်းနိုင်သေးပါဘူး။ ဂိုးသမား၊ ကွင်းလယ်နဲ့ တိုက်စစ်မှူး နေရာတွေမှာ သူ့စိတ်ကြိုက် ကစားသမားတွေ ကို ခေါ်ယူလိုနေဆဲ ဖြစ်ပါတယ်။
ဒီနွေမှာ ဟယ်ရီကိန်း၊ မေဆန်မောင့်၊ အိုနာနာ အပြင် အဆင်ပြေခဲ့ရင် ညာ အစွန်လူသစ် တစ်ဦးကိုပါ ခေါ်ယူလိုတဲ့ နည်းပြ တန်ဟက်ဟာ FFP ကြောင့် ဒီနွေမှာ ပေါင် သန်း ၁၂၀ ထက် ပို သုံးခွင့်မရှိပါဘူး။ ဒါကြောင့် ကစားသမား ရောင်းချမှုကနေ ပေါင် သန်း ၂၅၀ လောက် ရှာဖွေနိုင်ကြောင်း ဒေးလီးမေးလ် က ဖော်ပြလာပါတယ်။
ယူနိုက်တက်ဟာ ဗန်ဒီဘိခ်၊ ဖရတ်၊ အီလန်ဂါတို့ကို တစ်ဦးလျှင် ပေါင် သန်း ၂၀ ဈေးနှုန်းဖြင့် ရောင်းထုတ်မှာ ဖြစ်ပါတယ်။ တဲလက်စ်၊ ဘိုင်လီနဲ့ ဘရန့်ဒန် ဘီလီယမ်တို့ ၃ ဦးပေါင်းအတွက် ပေါင် ၁၇ သန်း ရဖို့လည်း မျှော်လင့် ထားတယ်။
ဒီဈေးကွက်မှာ ယူနိုက်တက်ကနေ ထွက်ခွာဖွယ် အရှိဆုံးကတော့ အသင်းခေါင်းဆောင် မက်ဂွဲရားနဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်တို့ ဖြစ်ပါတယ်။ ဂိုးသမားအတွက် ပေါင် သန်း ၂၀ ရဖို့ မျှော်လင့်ထားကာ ကမ္ဘာ့စံချိန်တင် ခံစစ်မှူး မက်ဂွဲရား အတွက်တော့ ပေါင် သန်း ၄၀ ဝန်းကျင် ပြန်ရဖို့ ရည်ရွယ်ပါတယ်။
တော်မီနေးကိုလည်း ပေါင် သန်း ၄၀ ဖြင့် လက်လွတ်လိုတဲ့ ယူနိုက်တက်ဟာ ဂျော်ဒန် ဆန်ချိုနဲ့ မာရှယ်တို့ အတွက် ကမ်းလှမ်းမှုတွေ ရလာရင်လည်း မှန်ကန်တဲ့ ဈေးနှုန်းနဲ့ လက်ခံ စကားပြောသွားမှာပါ။ အင်္ဂလန် တောင်ပံသမားအတွက် ပေါင် ၄၅ သန်း၊ မာရှယ်အတွက် ပေါင် ၂၅ သန်းတို့ဟာ ယူနိုက်တက်ဘက်က ရလိုတဲ့ ဈေးပဲ ဖြစ်ပါတယ်။