အာဆင်နယ် နည်းပြ အာတီတာက ဒီနွေ သူ့ ပစ်မှတ် ကစားသမားတွေ အကြောင်း ဆွေးနွေးရင် ငယ်ရွယ် ထူးချွန်တဲ့ ကစားသမား တစ်ဦး အကြောင်း ထုတ်ဖော် ချီးကျူးလာပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ ဒီတလောမှာ ဟာဗက်ဇ်၊ ဒီကလန်ရိုက်စ်နဲ့ တင်ဘာတို့ကို ချိတ်ဆက် ကြိုးစားနေခဲ့တာပါ။

ကိုင်ဟာဗက်ဇ် နဲ့ ပတ်သတ်ပြီး အာတီတာ က ” သူက ထူးချွန်ပြီး စွယ်စုံရတဲ့ ကစားသမား တစ်ယောက်ပါ။ အသက်လည်း ၂၄ ပဲ ရှိသေးတယ်။ ထူးချွန်တဲ့ ကစားသမား ဆို တန်ကြေးကောင်းကတော့ ရှိတာပဲ။ သူ့ အရည်အသွေးကို ချန်ပီယံလိဂ် အပါဝင် အများကြီး ပြသထားပြီးပါပြီ။ ” လို့ ချီးကျူး မှတ်ချက်ပြုလာခဲ့ပါတယ်။

အာဆင်နယ် ကစားသမား ဖြစ်လာတော့မယ့် ဟာဗက်ဇ် ကိုသာ ချီးကျူးခဲ့ပေမယ့် လက်ရှိ ကြိုးစားဆဲ ဖြစ်တဲ့ ဒီကလန် ရိုက်စ်နဲ့ ပတ်သတ်ပြီးတော့ အာတီတာက မှတ်ချက်မပေးလိုဘဲ ရှိပါတယ်။

ရိုက်စ်နဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်ခံရရာမှာ အာတီတာက ” ကျနော့် အသင်းမှာ မရှိသေးတဲ့ကစားသမားတွေ အကြောင်း ကျနော် မပြောနိုင်ပါဘူး။ ခုချိန်မှာ ဘာမှတ်ချက်မှ မပေးဘဲသာ နေချင်ပါတယ်။ ” လို့ ဆိုပါတယ်။

ထိုမှတ်ချက်စကား အရ ဟာဗက်ဇ် ကတော့ သေချာပေါက် ဂန်းနား တစ်ဦး ဖြစ်လာမှာ ဖြစ်ပြီး ရိုက်စ် အတွက်သာ မသေချာသေးတာ ပိုသိသာသွားပါတယ်။

အာဆင်နယ်ဟာ လန်ဒန်မြို့ခံ ပြိုင်ဘက် ချယ်ဆီး အသင်းထံမှ ဟာဗက်ဇ် ကို ပေါင် သန်း ၆ဝ + ထပ်ဆောင်းကြေး ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားပါတယ်။

အသက် ၂၄ နှစ် အရွယ် ဂျာမန်သားက ဆေးစစ်မှု ပြုလုပ်ဖို့စီစဉ်နေပြီး ဒီတလောမှာ ဂန်းနားသစ် အဖြစ် အတည်ပြု မိတ်ဆက် ကြေညာဖွယ် ရှိပါတယ်။