လီဗာပူး တိုက်စစ်မှူး ဂျိုတာက ဥရောပပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့တိုင်း ရှုံးနေတာကို လက်မခံချင်တာကြောင့် ဒီရာသီ ယူရိုပါလိဂ်မှာပါ ထပ်မတွေ့ကြဖို့ မျှော်လင့်နေပါတယ်။

မနှစ်ကရာသီ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဂျိုတာတို့ဟာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ ရပါတယ်။ အဲ့မတိုင်ခင် ပဲရစ်မှာ ရီးရဲလ်ကို ရှုံးနိမ့်ခြင်းကြောင့် ချန်ပီယံလိဂ်ဖလား လက်လွတ်ခဲ့ရသေးသလို ၂၀၂၁ တုန်း ကလည်း ကွာတားဖိုင်နယ် အဆင့်မှာ ရီးရဲလ်ကိုပဲ ရှုံးခဲ့ဖူးပါသေးတယ်။

ဂျိုတာက ” ဝုဗ်အသင်းမှာတည်းက ယူရိုပါလိဂ် ပြိုင်ပွဲမှာ ကျနော် ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ လီဗာပူး ပရိသတ်တွေ ကတော့ နှစ်တိုင်းမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးအတွင်း ပါဝင် ယှဉ်ပြိုင်ရတာကို အသားကျနေကြတာမို့ ယူရိုပါလိဂ် ယှဉ်ပြိုင်ရတာဟာ အဆင့်ကျသွားတာလို့ ခံစားမိနေကြမှာပါ။

ယူရိုပါလိဂ်က ဂုဏ်သိက္ခာရှိ ပြိုင်ပွဲတစ်ခု ရှိနေဆဲပါပဲ။ ဒီပြိုင်ပွဲကို အနိုင်ရဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တတိနေရာပဲ ရမယ်ဆိုရင် ယူရိုပါလိဂ်ကို ဆင်းလာပြီး ကျနော်တို့ လမ်းကြောင်းကို လာရှုပ်နိုင်နေဆဲပါ။ ကျနော် လီဗာပူးကို ပြောင်းလာတည်းက သူတို့ကိုပဲ အမြဲတမ်း အရှုံးပေးနေရတာပဲ။ ဒါကြောင့် ယူရိုပါလိဂ်ကို သူတို့ ရောက်မလာကြဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မနှစ်ကရာသီ သွင်းဂိုးရဖို့ ခက်ခဲစွာ ရုန်းကန်ခဲ့ရကာ ၂၀၂၂ တစ်နှစ်လုံး ဂိုးမရခဲ့တဲ့ ဂျိုတာဟာ ရာသီသိမ်းပွဲ ၉ ပွဲမှာ ၇ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ ဒဏ်ရာ ပြဿနာတွေ ကင်းနေပြီမို့ လာမယ့်ရာသီ လီဗာပူး တိုက်စစ် တစ်နေရာမှာ ပွဲထွက် ပါဝင်နိုင်ရေး အသင်းဖော်တွေနဲ့အတူ စိန်ခေါ်သွားတော့မှာ ဖြစ်ပါတယ်။