ပြီးခဲ့တဲ့ ရာသီမှာ မန်စီးတီးရဲ့ အဓိက ဆုဖလား ပြိုင်ဘက်ဟာ အာဆင်နယ် ဖြစ်ခဲ့ပေမယ့် လာမယ့်ရာသီမှာတော့ ထပ် ဖြစ်မလာနိုင်ဘူးလို့ သရဲနီဟောင်း လူးဝစ် ဆာဟာက သုံးသပ်လိုက်ပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ ခေါ်ယူမှုကြီးတွေ ပြုလုပ်နေတာဖြစ်ပြီး ချယ်ဆီးမှ ကိုင်ဟာဗက်ကို ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူထားပါတယ်။ ထပ်ပြီး ဝက်စ်ဟမ်းမှ ဒီကလန်ရိုက်စ်အတွက် ပေါင် ၁၀၅ သန်း၊ အေဂျက်မှ တင်ဘာအတွက် ပေါင် ၄၁.၅ သန်းတို့ဖြင့် ချိတ်ဆက်နေသေးတာပါ။
ဒီလို ပြင်ဆင်မှုကြီးတွေ ပြုလုပ်နေပေမယ့် အာဆင်နယ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်တောင် ရမှာ မဟုတ်ဘူး လို့ သရဲနီဟောင်းက ထုတ်ပြောလာပါတယ်။
ဆာဟာကပဲ ” လီဗာပူးက ဇယားထိပ်ကို ပြန်တက်လာမှာဖြစ်ပြီး အဓိက ခြိမ်းခြောက်သူ ဖြစ်လာပါလိမ့်မယ်။ လူတိုင်း က မနှစ်ကရာသီ လုပ်ပြခဲ့မှုတွေကြောင့် အာဆင်နယ်က အဓိက စိန်ခေါ်သူဖြစ်မယ်လို့ ပြောတာတွေ ရှိနေတယ်။
ဒါပေမယ့်လို့ ဒီနွေမှာ အာဆင်နယ်အသင်း ကောင်းမွန်တဲ့ ခေါ်ယူမှုတွေကို ပြုလုပ်နိုင်မယ် ဆိုရင်တောင် နောက်ရာသီ သူတို့အသင်းက မန်စီးတီး၊ လီဗာပူး၊ မန်ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ရဲ့ အထက်မှာ ရာသီသိမ်းခဲ့ရင် အံ့ဩမိမှာပါပဲ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလား ၃ ရာသီဆက် အနိုင်ရထားတဲ့ မန်စီးတီးကို အဓိက စိန်ခေါ်နိုင်မယ့် အသင်းဟာ အများကြီး မရှိနိုင်ပါဘူး။ လီဗာပူးက သူတို့နေရာကို ပြန်ယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကာ အာတီတာရဲ့ အာဆင်နယ် အပြင် တန်ဟက်ရဲ့ ယူနိုက်တက်နဲ့ ပိုချက်တီနိုရဲ့ ချယ်ဆီးတို့ကလည်း အင်အားပြန်ဖြည့်လာနေပါပြီ။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကလည်း ” လာမယ့်ရာသီ မန်စီးတီးကို အဓိက စိန်ခေါ်မယ့် ကလပ်က ဘယ်အသင်းဖြစ်လာမလဲ ဆိုတာ အတော်လေးကို စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မယ် ” လို့ အတူ မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။