လီဗာပူးး တိုက်စစ်မှူးဟောင်း ဂျွန်ဘမ်းက ရော်နယ်ဒိုရဲ့ ဒုတိယအကြိမ် မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝဟာ လူငယ်ကြယ်ပွင့် ဆန်ချိုအပေါ် သက်ရောက်မှု ကြီးမားခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။

၂၀၂၁ ခုနှစ် မှာ ဆန်ချိုဟာ ဒေါ့မွန်ကနေ မန်ယူအသင်းထံ ယူရို ၈၅ သန်းဖြင့် ပြောင်းခဲ့ပါတယ်။ သူဟာ ဂျာမန်မြေမှာ အတော်လေး ခြေစွာခဲ့ကာ ၄ ရာသီအတွင်း ၁၃၇ ပွဲကစားကာ သွင်းဂိုး ၅၀ ရခဲ့ပြီး ဂိုးထောက်ပံ့မှု ၆၄ ကြိမ်လည်း လုပ်နိုင်ခဲ့ပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်မှာတော့ ပြိုင်ပွဲစုံ ၇၉ ပွဲကစားပြီး ဂိုး ၁၂ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၆ ကြိမ်ပဲ လုပ်ထားနိုင်ပါတယ်။ သူဟာ နည်းပြတန်ဟက်ရဲ့ ဦးစားပေး စာရင်းမှာ ရှိမနေသလို သူ့ရဲ့နေရာက ဘယ်ခြမ်းလား ညာခြမ်းလားအတွက်လည်း သေချာ မသိရသေးပါဘူး။

ဆန်ချိုရဲ့ အစွမ်းအစတွေ ပျောက်ကွယ်ခဲ့ခြင်းဟာ ရော်နယ်ဒိုကို ပြန်ခေါ်ယူခဲ့တာက အကြောင်းရင်း တစ်ခုပါလို့ ဂျွန်ဘမ်းက အခုလို ရှင်းပြပါတယ်။

” အခုချိန်မှာ ယူနိုက်တက်က ဆန်ချိုကို တွန်းအားပေးဖို့အပြင် တိုက်စစ်ပိုင်း တဝိုက် တိုးတက်လာစေဖို့အတွက် လူသစ် ဖြည့်တင်းရေး အာရုံပြန်စိုက်လာပါတယ်။

ကျနော်ကတော့ ဆန်ချိုအတွက် စိတ်မကောင်းဖြစ်မိတယ်။ ဆန်ချိုက ကစားသမားကောင်း ဆိုပေမယ့် ရော်နယ်ဒိုကို ပြန်ခေါ်ယူလိုက်တာဟာ သူ ဘာလုပ်ပြနိုင်မလဲ အပေါ် ရပ်တန့်လိုက်သလို ဖြစ်သွားပါတယ်။ သူက ငယ်သေးပြီး ပြောင်းရွှေ့ကြေးကြီးနဲ့ ခေါ်ယူထားရတာဆိုတော့ သူ့အတွက် ခက်ခဲခဲ့ပါတယ်။

ကျနော်ကတော့ ဆန်ချို ယူနိုက်တက်မှာ ဆက်နေပြီး လူတိုင်းရဲ့ အမြင်တွေ မှားတယ်ဆိုတာကို သက်သေပြစေချင်ပါတယ်။ သူက တိုးတက်လာဖို့ အတွေ့အကြုံတွေ အများကြီး ရနေပါပြီ ” လို့ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။