မန်စီးတီးဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူရေးကနေ နောက်ဆုတ်သွားခဲ့နောက် ဈေးပို ပေးနိုင်တဲ့ အာဆင်နယ် အသင်းက ဝက်စ်ဟမ်း ကွင်းလယ် ကစားသမားကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပါပြီ။

မန်စီးတီးအသင်း ချိတ်ဆက်ခဲ့ပြီး နီးစပ်ခဲ့ပြီးကာမှ အပြောင်းအရွှေ့ ပျက်ကာ အခြား အသင်း ရောက်သွားတဲ့ ကစားသမားတွေဟာ မယုံနိုင်စရာ ကျရှုံးမှုတွေ ကြုံထားရပြီး နာမည်ကျော် စီ ရော်နယ်ဒို အပါအဝင် ကစားသမား ၈ ဦး ထိ ရှိထားတာကို ဖော်ပြပေးလိုက်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို

ရော်နယ်ဒို ရဲ့ မန်ချက်စတာသို့ ဒုတိယအကြိမ် အပြန် ခရီးဟာ စီးတီးနဲ့ အတူ ဖြစ်ဖို့ အတော်ကြီး နီးစပ်ခဲ့တာပါ။ ဒါပေမယ့် ဆာအဲလက်စ်ကိုယ်တိုင် ပါဝင်နားချလာတဲ့နောက် ပေါ်တူဂီ ကြယ်ပွင့်ဟာ ယူနိုက်တက်ကိုပဲ ပြန် ရွေးချယ်ခဲ့ပါတယ်။

မာ့ခ် ကူကူရယ်လာ

စီးတီးဟာ ဘရိုက်တန်မှာ ခြေစွမ်းပြနေတဲ့ အစွန်နောက်ခံလူ ကူကူရယ်လာကို စတင် ချိတ်ဆက်ခဲ့တဲ့ အသင်းကြီး တစ်သင်း ဖြစ်ပါတယ်။ စပိန်သားရဲ့ ခြေစွမ်း အမြင့်ဆုံး ရောက်နေချိန်မှာ စီးတီးနဲ့ ချယ်ဆီးတို့ အပြိုင် ကြိုးစားခဲ့ကြပြီး ချယ်ဆီးက အရေးသာသွားခဲ့ပါတယ်။

ဟယ်ရီ မက်ဂွဲရား

မက်ဂွဲရားရဲ့ ယူနိုက်တက်က ကာလဟာ အမှားအယွင်းတွေ များစွာနဲ့ အိပ်မက်ဆိုးလို ဖြစ်နေပါတယ်။ စီးတီးကလည်း မက်ဂွဲရားကို ခေါ်ယူချင်ခဲ့ပြီး ပက် ဂွာဒီယိုလာ ကိုယ်တိုင်က ထုတ်ဖော် ချီးကျူးခဲ့ရသူပါ။

ပေါလ် ပေါ့ဘာ

ပေါ့ဘာရဲ့ ထူးချွန် ခြေစွမ်းတွေက စီးတီးကို မျက်စိကျစေခဲ့တာကြောင့် ၂၀၁၆ ယူနိုက်တက် ထံ ပြန်မလာခင်မှာ မန်စီးတီး အကြီးအကဲတွေက ပြင်သစ်သားကို အလိုရှိခဲ့ပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ် ရောက်သွားပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ပေါ့ဘာဟာ အခုထိလည်း ခြေစွမ်းကောင်းတွေ ပြန်မပြတော့ပါဘူး။

လူကာကူ

မန်စီးတီး လူကာကူ ကို ကြိုးစားခဲ့သေးတာက သိပ်ကြီး သတင်းမကြီးခဲ့ပါဘူး။ ဒါပေမယ့် ကစားသမား ကိုယ်တိုင် က ချယ်ဆီး ထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုမျိုး စီးတီးက လုပ်ခဲ့သေးပြီး သူ ငြင်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

တီမိုဗာနာ

စီးတီးရဲ့ ကမ်းလှမ်းမှုကို ငြင်းခဲ့တဲ့ နောက်ထပ် တိုက်စစ်မှုးက တီမိုဗာနာ ပါ။ ချယ်ဆီးမှာ အခြေမလှဘဲ ရုန်းကန်နေရတာကြောင့် လိုက်ပ်ဇစ်ကိုပဲ ဗာနာ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဂျာမနီသား အတွက်တော့ စီးတီးကို ငြင်းခဲ့တဲ့ ဆုံးဖြတ်ချက်က နောင်တ ရစရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကူလီဘာလေ

ကစားသမား ကိုယ်တိုင်က မန်စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ အတော်နီးစပ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် နာပိုလီရဲ့ ပေါင် ၇၂ သန်း ဆိုဈေးက စီးတီးကို နောက်တွန့်စေခဲ့ပါတယ်။ လက်ရှိမှာတော့ ချယ်ဆီးမှာ မအောင်မြင်တဲ့ ကူလီဘာလေ ဟာ ဆော်ဒီကလပ် အယ် ဟီလယ် အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါပြီ။

အဲလစ်ဆစ် ဆန်းချက်

စီးတီးရဲ့ ‘All or Nothing’ မှတ်တမ်း စီးရီးထဲမှာ သူတို့ ဆန်းချက်ကို အာဆင်နယ်ထံကနေ ခေါ်ဖို့ ၂၀၁၇ နွေမှာ ဘယ်လောက် အသည်းအသန် ရှိခဲ့သလဲ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အီတီဟက်ကို ပြောင်းရွှေ့ဖို့ ဘာကြောင့် ပျက်ပြယ်သွားလဲ ဆိုတာတော့ မရှင်းလင်းခဲ့ပါဘူး။