ယူနိုက်တက်နဲ့ ၁၂ နှစ်ကြာ အတူရှိခဲ့တဲ့ ဂိုးသမား ဒီဂီယာ ထွက်ခွာသွားတဲ့ အပေါ် မန်ချက်စတာ ယူနိုက်တက် ကိုင်တွယ်ပုံကို ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ကတော့ သဘောမကျ ဖြစ်နေပါတယ်။

ဒီဂီယာရဲ့ ယူနိုက်တက်နဲ့ စာချုပ်ဟာ ဇွန်လကုန်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး စပိန်သားဟာ အသင်းနဲ့ လမ်းခွဲသွားခဲ့ရပါပြီ။ ထိုမတိုင်ခင် သီတင်းပတ်ပေါင်းများစွာ စာချုပ်သစ် သက်တမ်းတိုးဖို့ သဘောတူပြီး ထပ်မံ ကြံ့ကြာခဲ့မှုတွေ၊ ယူနိုက်တက်ရဲ့ ယခင် ကမ်းလှမ်းမှု ဖျက်ကာ လစာ ထပ်လျှော့ ကမ်းလှမ်းမှုတွေ ရှိခဲ့သေးတာပါ။

ဒီဂီယာ အသင်းမှာ ဆက်ရှိနေမယ် ယူဆခဲ့ကြပေမယ့် မထင်မှတ်ဘဲ စာချုပ်ကုန်သည်ထိ ယူနိုက်တက် လက်ပိုက်ကြည့်နေခဲ့ကာ စပိန်သားဟာ အိုးထရက်ဖို့ဒ်မှာ နောက်ဆုံးပွဲ အနေနဲ့ ပရိသတ်တွေအား နှုတ်ဆက်ခွင့်တောင် မရခဲ့ဘဲ ကသောင်းကနင်း ထွက်ခွာမှု ဖြစ်သွားခဲ့ပါတယ်။

ဒီဂီယာနဲ့ ယူနိုက်တက် နှစ်ဦးနှစ်ဘက်လုံးက စာချုပ်ကုန်ကာ လမ်းခွဲပြီ ဖြစ်ကြောင်း ကြေညာချက်နဲ့ ထုတ်ပြန်ချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပြီး ယူနိုက်တက် ကစားသမားတွေကလည်း ဒီဂီယာ အတွက် အမှတ်တရ စကားတွေ ဆိုခဲ့ကြပါတယ်။

ဘရူနို ဖာနန်ဒက်စ်ကတော့ ဒီဂီယာ က ဒိထက် ပိုပြီး ခမ်းနားတဲ့ လမ်းခွဲမျိုး ရခဲ့သင့်ကြောင်း အင်စတာဂရမ်ကနေ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” မင်း (ဒီဂီယာ) က ကွင်းထဲမှာ ပရိသတ်တွေက မင်းနဲ့ အတူ လှပတဲ့ အမှတ်တရတွေကို ဟစ်ကြွေး အားပေးမှုတွေနဲ့ အတူ နှုတ်ဆက် ထွက်ခွာခွင့် ရဖို့ ထိုက်တန်ခဲ့တာပါ။ ” လို့ ဖာနန်ဒက်စ်က ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီဂီယာ ရဲ့ အသင်းသစ်ကတော့ ဘယ်အသင်း ဖြစ်မလဲ မသိသေးပေမယ့် ကြယ်ပွင့်တွေ စုစည်း ခေါ်ယူနေတဲ့ ဆော်ဒီဘက် ဖြစ်နိုင်သလို သူ့ရဲ့ မွေးရပ်မြေ စပိန် ဒါမှမဟုတ် ဂိုးသမားသစ် လိုအပ်နေတဲ့ ယူနိုက်တက် ပြိုင်ဘက် အသင်းတွေထံလည်း ဖြစ်သွားနိုင်ပါတယ်။