ကိုင်ဆီဒိုအတွက် ချယ်ဆီးဘက်က ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းမှုဟာ ဘရိုက်တန် အသင်း သဘောကျအောင် မဆွဲဆောင်နိုင်ပါဘူး။ ချယ်ဆီးဘက်က ကမ်းလှမ်းတဲ့ အဆိုပါ ပမာဏ ထပ်တိုးကြေး အပါဖြစ်ပါတယ်။
ဒီကလန်ရိုက်စ်နဲ့ တင်ဘာတို့ အပြောင်းအရွှေ့ မကြေညာသေးပေမယ့်လို့ ကလပ်တွေကြား သဘောတူညီမှု ရထား ပြီးပါပြီလို့ ရိုမန်နိုက ဆိုပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ဟွိုင်လန်း အတွက် ပြောင်းရွှေ့ကြေး + ကစားသမား အလိုက်ပေးမှုနဲ့ ကမ်းလှမ်း ထားသော်လည်း အတ္တလန္တာအသင်းက ပယ်ချထားပြီး ပေါင် ၈၅ သန်းသာ ရလိုကြောင်း အကြောင်းပြန်ထားပါတယ်။
လီဗာပူး ကွင်းလယ် ကစားသမား ဖာဘင်ညို ကို ဆော်ဒီကလပ် Al-Ittihad အသင်းက ပေါင် သန်း ၄ဝ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ လီဗာပူးကတော့ ကွင်းလယ်ခံစစ်သမား အရန် မရှိသေးတာကြောင့် ဘရာဇီးသားကို လက်လွှတ်ဖွယ် မရှိပါဘူး။
စတီဗင် ဂျရတ် နည်းပြ အဖြစ် ကိုင်တွယ်တဲ့ ဆော်ဒီ ပရိုလိဂ်ကလပ် Al-Ettifaq အသင်းကလည်း လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန် အား တပတ်လစာ ပေါင် ၇ သိန်းနဲ့ ကမ်းလှမ်းထားပါတယ်။ ဟန်ဒါဆန်က အသင်းပြောင်းဖို့ စိတ်ဝင်စားပေမယ့် ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းရဦးမှာပါ။
အဲဗာတန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တောင်ပံတိုက်စစ်သမား အီလန်ဂါ အတွက် ပေါင် ၁ဝ သန်းလို့ မန်ချက်စတာ ယူနိုက်တက်က ဈေးသတ်မှတ်လိုက်ပြီး နှစ်သင်းကြား ပြောဆိုဆွေးနွေးနေပါတယ်။
ကင်မရွန်း ဂိုးသမား အိုနာနာ အတွက် အင်တာမီလန်က ပေါင် ၅၁ သန်း အလိုရှိနေပြီး ယူနိုက်တက်နဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ နည်းပြ တန်ဟက်ကတော့ အိုနာနာ အဆင်မပြေရင် ဒင်း ဟန်ဒါဆန် ကို သုံးဖို့ စဉ်းစားနေပါတယ်။
ချယ်ဆီးနဲ့ အင်တာမီလန်အသင်းတို့ဟာ လူကာကူ အတွက် ယူရို သန်း ၃ဝ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
နော်တင်ဟမ် ဖောရက်စ်ဟာ ဖူလ်ဟမ် တိုက်စစ်သမား ဝီလီယမ်ကို ခေါ်ယူဖို့ တွန်းအားပေးနေပြီ ဖြစ်ပါတယ်။ ကစားသမားဘက်က မကြာခင်မှာ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။