ဂန်းနားတွေရဲ့ လှုပ်ရှားမှုက မရပ်တန့်သေးတာကြောင့် ဒီနွေဈေးကွက်မှာ အာဆင်နယ်အသင်းရဲ့ ကစားသမား အဝင် အထွက်တွေကို ဆက်လက် မျှော်လင့်ထားကြပါလို့ နည်းပြ အာတီတာက ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘယ်အစွန်လူနေရာ အရန်ထားဖို့ လူသစ်ရှာနေပြီး အာဆင်နယ်မှ တားဗားရက်စ်ကို သဘောကျနေတယ် လို့ သိရပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းနဲ့အတူ ယူရို ချန်ပီယံဖြစ်ခဲ့တဲ့ စမစ်ရိုးဟာ အာဆင်နယ်အသင်းထံ လေ့ကျင့်ရေး ပြန်ဝင်နေပါပြီ။

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူမလားနဲ့ ပတ်သက်လို့ အာတီတာက ” ကျနော်တို့ ကလပ်အတွက် ကစားပေးနေတဲ့ သူ မဟုတ်ရင် သူ့အကြောင်း ကျနော် ဘယ်တော့မှ မပြောပါဘူး ” လို့ တုန့်ပြန်ခဲ့ပါတယ်။

အာဆင်နယ် နည်းပြအဖွဲ့က ပါတေးနဲ့ ဒီကလန်ရိုက်စ်တို့ နှစ်ဦးကို ကွင်းလယ်မှာ တွဲသုံးဖို့လည်း အစီအစဉ် ရှိပါတယ်။ ပါတေးကို ရောင်းထုတ်ရမယ်ဆိုရင် ဈေးကောင်း မရပါဘဲ အာဆင်နယ်ဘက်က ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။

ဒီနွေမှာ အာဆင်နယ်ရဲ့ ၄ ဦးမြောက် ခေါ်ယူမှုဟာ ဂရာမီယိုအသင်းမှ ကွင်းလယ်လူ ဘစ်တာလို ဖြစ်ပြီး ပေါင် ၈.၅ သန်း ဝန်းကျင် ကျသင့်နိုင်ပါတယ်။

အာဆင်နယ် ခံစစ်မှူး ဂါဘရီရယ်ကို ဆက်ကြိုးစားနေဖို့ ဘရာဇီး ဂန္တဝင်ကြီး ကာဖူးက တိုက်တွန်းလိုက်ပြီး တစ်နေ့မှာ ဘရာဇီး လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းကို ရရှိမှာပါလို့ အားပေးခဲ့ပါတယ်။

မန်စီးတီးကနေ မထွက်လာခင်တည်းက တစ်ရက်မှာ အသင်းပြောင်းရမယ် ဆိုတာ သိထားခဲ့ကြောင်းနဲ့ အဲ့အချိန်ကျရင် သူလက်တွဲလိုတဲ့ နည်းပြက အာတီတာ တစ်ဦးတည်းရှိကြောင်း ဇင်ချန်ကိုက ထုတ်ပြောလာပါတယ်။