မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က လီဗာပူးနဲ့ မန်စီးတီးတို့လည်း ကျဆုံးလာဦးမှာပါလို့ ရာသီကြို ခရီးစဉ်တွေအတွင်း ပြိုင်ဘက်အသင်းတွေအကြောင်း စကားပြောစဉ်မှာ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။
နည်းပြတန်ဟက်ဟာ အင်္ဂလန်မြေကို စနင်းချိန်တည်းက အင်္ဂလန်ရဲ့ ထိပ်တန်း ကလပ် နှစ်သင်းဖြစ်တဲ့ လီဗာပူး၊ မန်စီးတီးတို့ လွှမ်းမိုးတဲ့ခေတ် အဆုံးသတ်တော့မှာပါလို့ ပြောဆိုခဲ့ပါသေးတယ်။ မနှစ်ကရာသီ လီဗာပူးအသင်း ကျဆုံးခဲ့ခြင်းက သူ့ရဲ့ စကား မှန်ကန်ကြောင်း သက်သေထူနေတယ်လို့ ထပ်ပြောလာခဲ့တာပါ။
မနှစ်ကရာသီမှာ လီဗာပူးအသင်းဟာ အဆင့် ၅ နေရာကပဲ ရာသီသိမ်းခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာကို မန်ချက်စတာ ယူနိုက်တက်၊ နယူးကာဆယ် အသင်းတွေထံ လက်လွတ်ပေးခဲ့ရပါတယ်။
ပြိုင်ဘက်တွေရဲ့ ခေတ်ကောင်း အဆုံးသတ်မယ့် အကြောင်းကို တန်ဟက်က ” မန်စီးတီး တစ်သင်းတည်းကို ကျနော် မပြောခဲ့ပါဘူး။ မန်စီးတီးကော လီဗာပူးကောလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ မနှစ်ကရာသီ ဘာဖြစ်ခဲ့လဲ လူတိုင်း မြင်ခဲ့ကြတာပဲလေ။ တစ်သင်းက ထိပ်ဆုံးမှာ ရှိနေပေမယ့် တစ်သင်းက ရှိမနေတော့ပါဘူး။
နှစ်ကာလ တစ်ခုကြာလာခဲ့ရင် ဒီအသင်းတွေရဲ့ အကောင်းဆုံး အခိုက်အတန့်တွေ အဆုံးသတ်သွားမယ်လို့ ကျနော် ပြောခဲ့ပြီးပါပြီ ” လို့ MUTV နဲ့ အင်တာဗျူးမှာ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ယိမ်းယိုင်ခဲ့တာကို ပြန် ထူထောင်ဖို့ ကြိုးစားနေပေမယ့် ကွင်းလယ်မှ ကီတာ၊ ချိန်ဘာလိန်၊ ဖာဘင်ညို၊ ဟန်ဒါဆန်တို့ ထွက်ခွာသွားမှာကြောင့် အင်အား ထပ် နည်းပါးသွားဖွယ် ရှိနေပါသေးတယ်။