ဒီနေ့ နံနက် အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ အမေရိကန်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ယူနိုက်တက် အာဆင်နယ်ကို ပထမပိုင်း သွင်းဂိုးတွေဖြင့် ၂-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့တဲ့ အပြင် ခြေစမ်းပွဲ ထုံးစံ အရ ပွဲ အပြီး ပင်နယ်တီ ပြိုင်ဆိုင်မှုမှာပါ ယူနိုက်တက် က ၅-၃ ဖြင့် အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ ပေါင် သန်း ၂ဝဝ ကျော် သုံးပြီး ကစားသမား ကောင်းတွေ ခေါ်ယူ အားဖြည့်ထားပေမယ့် ယူနိုက်တက်နဲ့ ပွဲမှာတော့ မန်ချက်စတာကလပ်ကို မယှဉ်နိုင်ခဲ့ပါဘူး။ နည်းပြတန်ဟက် လက်အောက် ယူနိက်တက် ကစားဟန်က မနှစ်ကထက် ပိုကောင်းလာမယ့် အရိပ်အယောင်တွေ မြင်ခဲ့ရပါတယ်။

တန်ဟက် ကိုယ်တိုင်လည်း သူ့ အသင်းသူ ကျေနပ် အားရနေပြီး ပွဲအပြီးမှာ ဝမ်းမြောက်စကား ဆိုခဲ့ပါတယ်။

” ဒီပွဲကို အတော်လေး အားရတယ်၊ ကျနော်တို့ရဲ့ ကစားဟန်ကို ကျေနပ်မိတယ်။ ဘောလုံး ပိုင်ဆိုင်မှု ဆုံးရှုံးချိန် ကျနော်တို့ရဲ့ တက်ကြွ လှုပ်ရှားမှုကိုကောပါပဲ။ ဒါက ကျနော်တို့ ကစားလိုတဲ့ ကစားဟန်ပါပဲ၊ ဒါကို စတင်လာတာ တစ် နှစ်ပဲ ရှိပါသေးတယ်။

လေ့ကျင့်ရေးမှာ ကြိုးစားခဲ့တာတွေကို ကွင်းထဲမှာ ပြန်ပြီး ပြသလာနိုင်တယ်။ ကျနော်တို့ နိုင်လည်း နိုင်ချင်ပါတယ်။ ကောင်လေးတွေက ပွဲကောင်းတစ်ပွဲ ကစားခဲ့ပါတယ် ” လို့ တန်ဟက်က ပြောပါတယ်။

ယူနိုက်တက်ဟာ ရာသီကြိုမှာ အသင်းကောင်းတွေနဲ့ ခြေစမ်းဖို့ကို ရွေးချယ်ခဲ့ပြီး အခုချိန်ထိ နိုင်ပွဲ ဆက်နေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်လို ပြင်ဆင်မှုအား ကောင်းမွန်တဲ့ အသင်းကို အနိုင်ရခဲ့ခြင်းအပေါ် ကျေနပ်နေတယ်။

တန်ဟက်ကပဲ ” ရာသီကြိုမှာ အသင်းကောင်းတွေနဲ့ ကစားရမှာပါ။ ဒီပြိုင်ဘက်တွေက ကျနော်တို့ တိုးတက်ရေး အကူအညီဖြစ်စေမှာပါ၊ သူတို့က အသင်းကောင်းတွေ ဖြစ်ပါတယ်။

အာဆင်နယ်ကလည်း ပြိုင်ဘက်ကောင်းပါ။ သူတို့ မနှစ်က ပရီးမီးယားလိဂ်မှာ သိပ်ကောင်းခဲ့ပါတယ်။ ဒီတော့ သူတို့ကို ရင်ဆိုင် ယှဉ်ပြိုင် အနိုင်ယူခဲ့တာက ကောင်းပါတယ်။ ကျနော်တို့ ပိုကောင်းလာရမှာပါ။ ” လို့ ဆက်ပြောသွားတာ ဖြစ်ပါတယ်။