ပီအက်စ်ဂျီက ရောင်းမယ် ဆုံးဖြတ်လိုက်တဲ့ တိုက်စစ်သမား အမ်ဘာပေနဲ့ ပတ်သတ်တဲ့ အပြောင်းအရွှေ့ သတင်းတွေကတော့ ဒီနေ့မှာ ခပ်စိပ်စိပ် တက်လာနေပါတယ်။
အမ်ဘာပေ ကို ဆော်ဒီ ပရိုလိဂ်ကလပ် အယ်ဟီလယ် က ကမ္ဘာ့စံချိန်တင်ကြေး ယူရို သန်း ၃ဝဝ နဲ့ ဒီနေ့ ကမ်းလှမ်းခဲ့ပြီ လို့ အရင် သတင်း ထွက်လာပါတယ်။
ဒါ့အပြင် ဘာပေကို စိတ်ဝင်စားတဲ့ ကလပ်တွေထဲမှာ ဘဏ္ဍာရေးကြပ်တည်းတဲ့ ဘာစီလိုနာ အသင်းလည်း ပါဝင်နေပြီး စံချိန်တင်ကြေး ရထားတဲ့ ဘာပေကို သူတို့လည်း ဝင်ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
၎င်းတို့ အပြင် မန်ချက်စတာ ယူနိုက်တက်ကလည်း ဘာပေကို ခေါ်ယူရေး မေးမြန်းထားပြီ လို့ နောက်ဆုံး သတင်း ထွက်ပေါ်နေပါတယ်။
ပီအက်စ်ဂျီနဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတဲ့ အမ်ဘာပေ ဟာ လာမယ့် တစ်ရာသီ ပြင်သစ်မှာပဲ ဆက်နေပြီး ရာသီကုန်မှ အလွတ်နဲ့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ ကြံရွယ်နေတာပါ။
ဒါပေမယ့် ပီအက်စ်ဂျီကလည်း ဘာပေကို အလွတ်နဲ့ လက်လွှတ်ဖို့ လက်မခံဘဲ သက်တမ်းတိုး စာချုပ် မချုပ်ရင် ဒီနွေမှာ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ကစားသမားကိုလည်း အသိပေးထားပြီး ဖြစ်ပါတယ်။
ရီးရဲလ်က ဘာပေကို အလွတ်နဲ့ ခေါ်ဖို့ စောင့်နေချိန်မှာ ဆော်ဒီကလပ်က ကမ္ဘာ့စံချိန်တင်ကြေး ယူရို သန်း ၃ဝဝ နဲ့ ကမ်းလှမ်းမှု ထ လုပ်လိုက်တာကြောင့် ပြိုင်ဆိုင်မှုတွေ မြင်ရမလား ရင်ခုန်စရာ ဖြစ်လာပါတယ်။
ဘာစီလိုနာကလည်း ငွေကြေး အရ မတတ်နိုင်ပေမယ့် ကစားသမား များစွာကို အလိုက်ပေးကာ ဘာပေ ကို ခေါ်ယူဖို့ ရည်ရွယ်လာပါတယ်။ ဒါပေမယ့် ခေါ်ယူနိုင်ခဲ့ရင်တောင် ဘာပေရဲ့ မြင့်မားတဲ့ လုပ်ခလစာ ကို သူတို့ ဘယ်လို ပေးမလဲ ဆိုတာကလည်း နောက်ဆက်တွဲ ကိစ္စ ဖြစ်နေပါတယ်။
မက်ဆီကို အလွတ်နဲ့ ရနိုင်ခဲ့တာတောင် ဘာစီလိုနာတို့ လစာပေးဖို့ မတတ်နိုင်တာကြောင့် နောက်ဆုတ်ခဲ့ရပါသေးတယ်။
မန်ချက်စတာ ယူနိုက်တက်ကတော့ ကိန်း၊ အိုဆင်ဟမ်၊ ဟွိုင်လန်း စတဲ့ တိုက်စစ်မှုး မှန်သမျှ ဈေးကြီး ခေါ်တာချည်း ခံနေရတာကြောင့် မထူးဇာတ်ခင်းကာ အမ်ဘာပေကို ကြိုးစားလာသလား စဉ်းစားစရာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီကတော့ အမ်ဘာပေကို ဥရောပ ကလပ်အသင်း တော်တော်များများထံ ရောင်းချဖို့ ချိတ်ဆက် မေးမြန်းနေပြီး ချယ်ဆီး၊ မန်ချက်စတာ ယူနိကု်တက် တို့ ပါဝင်နေပါတယ်။ ဒါပေမယ့် ကစားသမားကတော့ ရီးရဲလ်မက်ဒရစ်မှာသာ ကစားလိုနေပါတယ်။