ဒီနွေမှာ အာဆင်နယ်ကနေ ထွက်ခွာဖို့ ပြင်ဆင်ထားတဲ့ တိုက်စစ်မှူး ဘာလိုဂန်ကတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဟာ များလွန်းနေတယ်လို့ ယူဆနေကာ အနည်းငယ် လျော့ချပေးဖို့ ကလပ်ကို တောင်းဆိုထားပါတယ်။ ဘာလိုဂန်ကို အင်တာမီလန်ကပဲ ရလိုပေမယ့် နောက်ဆုတ်သွားဖွယ် ရှိနေတာပါ။
ဘာလိုဂန်ကတော့ ဒီနွေမှာ အငှားထွက်တော့မှာ မဟုတ်ဘဲ အာဆင်နယ် လူစာရင်းမှာ မပါရဘူးဆိုရင် အပြီးသတ်ပဲ ပြောင်းရွှေ့သွားလိုနေတာ ဖြစ်ပါတယ်။
အင်တာမီလန်ဟာ အာဆင်နယ် ခံစစ်မှူး တိုမီယာဆုကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ အီတလီသတင်းဌာနတွေက ဖော်ပြလာပါတယ်။
အင်တာမီလန်ဘက်က တိုမီယာဆုကို အငှားဖြင့် ခေါ်ယူဖို့ ကြိုးစားလိုနေကာ အာဆင်နယ်ဘက်ကတော့ အပြီးသတ် ခေါ်ယူမယ့် ကမ်းလှမ်းမှုကိုပဲ နားထောင်လိုပါတယ်။ အခုချိန်ထိတော့ တရားဝင် ချိတ်ဆက် စကားပြောမှုတွေ စတင်လာခြင်း မရှိသေးပါဘူး။
၂၀၂၁ မှာ စီးရီးအေကလပ် ဘိုလော့ညာ အသင်းကနေ ပေါင် ၁၉.၈ သန်းဖြင့် ရောက်လာတဲ့ တိုမီယာဆုဟာ အာတီတာရဲ့ လူစာရင်းမှာ အရေးပါသူ တစ်ဦး ဖြစ်ပါတယ်။ အာဆင်နယ်ဘက်ကတော့ တိုမီယာဆုကို ရောင်းထုတ်ဖို့ ဆန္ဒပြင်းပြနေခြင်း မရှိပါဘူး။
ညာအစွန်၊ ဘယ်အစွန်နဲ့ ဗဟိုခံစစ်မှူး နေရာတွေမှာ ကစားနိုင်တဲ့ တိုမီယာဆုဟာ ရာသီသစ်မှာတော့ ဘမ်ဝှိုက်၊ တင်ဘာအပြင် နေရာစုံမှာ ပွဲထွက်ခွင့် ပြိုင်ဆိုင်လိုတဲ့ အသင်းဖော်တွေကို ပိုမိုရင်ဆိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။