လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးနဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်အတွက် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က သီးသန့် ကစားကွက် တစ်ခုကို အမြန်ဆုံး ပြင်ဆင်နေပါတယ်။

လီဗာပူးအသင်းဟာ ရာသီကြိုမှာ လူစာရင်းကို အမျိုးမျိုး ထုတ်သုံးလာနေပြီး အဓိက တိုက်စစ်တွဲလုံးကို ရှာဖွေနေပါတယ်။ ဒမ်းစတက်နဲ့ ပွဲမှာတော့ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ် တိုက်စစ် ၃ ယောက်တန်းကို ထုတ်သုံးကာ ကွင်းလယ်မှာ ဂက်ပိုကို ထားပြီး နူညက်စ်ကို အရံခုံ ထိုင်စေခဲ့ပါတယ်။

‘ ကျနော်တို့ လန်းဆန်းနေပြီး အခြေအနေ ကောင်းနေပါတယ်။ တစ်ရာသီလုံး ကစားဖို့ မဟုတ်ဘဲ နောက်လာမယ့် ၆ ရက် အတွင်း ယှဉ်ပြိုင်ရမယ့် ချယ်ဆီးအသင်းနဲ့ ပွဲ အတွက် ကစားကွက် တစ်ခုကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ကစားသမား တစ်ဦးမှ ဒဏ်ရ မရတာက သတင်းကောင်းပါပဲ။ လူတိုင်း အခြေအနေ ကောင်းပါတယ်။

ဘောလုံးပိုင်းဆိုင်ရာမှာ ကျနော်တို့ ဖြေရှင်းနိုင်ဖို့ ကြိုးစားရမှာတွေတော့ ရှိပါတယ်။ ဒါက ပုံမှန်ပါပဲ။ ပထမဆုံး နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်ထိက အမြဲတမ်း ရာသီကြိုပါပဲ။

ဂျာမနီမှာ ကျနော်တို့ ရုပ်ပိုင်းဆိုင်ရာ ကောင်းကောင်း လေ့ကျင့်ခဲ့တယ်၊ နည်းစနစ်ပိုင်း လေ့ကျင့်ခဲ့တယ်။ ပြဿနာ ကြီးကြီးမားမား မရှိဘဲ အဆင်ပြေခဲ့ပါတယ်။ တကယ့် တိုက်ခိုက်မှုဖြစ်လာမယ့် ချယ်ဆီးပွဲအတွက် လေ့ကျင့်ချိန် ၄ ကြိမ်၊ ၅ ကြိမ်လောက် ရပါမယ်။ ယှဉ်ပြိုင်ကြတာပေါ့။ ’ လို့ ဒမ်းစတက်နဲ ခြေစမ်းပွဲအပြီးမှာ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ဖာဘင်ညို ကို ရောင်းထုတ်ခဲ့ပေမယ့် အခုချိန်ထိ ကွင်းလယ် ခံစစ်သမားသစ်လည်း မရသေးတာနဲ့အတူ လီဗာပူးအသင်းက တစ်ရာသီလုံးအတွက် မဟုတ်ဘဲ ချယ်ဆီးပွဲအတွက် ကစားကွက် တစ်ခုကို ဖော်ဆောင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။