ချယ်ဆီးနဲ့ လီဗာပူးတို့ အပြိုင်လုနေကြတဲ့ ကိုင်ဆီဒို အပြောင်းအရွှေ့မှာ ကစားသမားက လန်ဒန်ကလပ်ကိုပဲ ရွေးချယ်လိုကျတဲ့နောက် ပရီးမီးယားလိဂ် ဂန္တဝင်ကြီး အလန်ရှီးယားကတော့ လီဗာပူး အသင်း တာဝန်ရှိသူတွေ အား ပြစ်တင် စကား ဆိုလာခဲ့ပါတယ်။

လီဗာပူးအသင်းက ကိုင်ဆီဒို အတွက်ဘရိုက်တန်အသင်းကို ပေါင် ၁၁၁ သန်းဖြင့် ကမ်းလှမ်းကာ သဘောတူညီမှု အရင် ယူနိုင်ခဲ့တာပါ။

ဒါပေမယ့်လို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု မရခဲ့ဘဲ ချယ်ဆီးက ပေါင် ၁၁၅ သန်းဖြင့် ပြန်လည် ကမ်းလှမ်းဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

လီဗာပူးတို့ လက်လွှတ်ရဖို့ များနေပြီ ဖြစ်တဲ့ ကိုင်စီဒို ဇာတ်လမ်းကို ကြည့်ပြီး နယူးကာဆယ် ကစားသမားဟောင်းကြီး အလန်ရှီးယား ကတော့ အခုလို ဆိုခဲ့ပါတယ်။

” ဒီအပြောင်းအရွှေ့သာ (ကိုင်ဆီဒို ချယ်ဆီးသို့) တကယ် ဖြစ်လာခဲ့မယ် ဆိုရင် လီဗာပူးအတွက်တော့ ရှက်စရာကြီးပဲ။ သူတို့က အရင် ပေါင် ၁၁၁ သန်းနဲ့ သဘောတူညီမှု ရခဲ့တယ်လေ။ နောက်ပြီးမှ ကစားသမားဘက်ကနေ ‘ မင်းတို့ဆီ မလာချင်ဘူး၊ ကျေးဇူးပဲ။ ငါကတော့ လန်ဒန်ပဲ သွားမယ်။ ‘ လို့ ငြင်းဆန်ခဲ့တာ။

ဒါက လီဗာပူး အတွက် ကြည့်လို့ မကောင်းတဲ့ ပွဲ ဖြစ်နေပြီ။ ကိုယ့် အိမ်စာ ကိုယ် ကြေညက်အောင် လုပ်ပါဦး။ ကစားသမား တစ်ယောက်ကို ခေါ်မယ် ဆိုရင် သူတို့နဲ့ အရင် ညှိဦး၊ သဘောတူညီမှု ရအောင် ယူဦး ” လို့ ရှီးယားက ထောက်ပြ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ကိုင်ဆီဒို အတွက် လီဗာပူးထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှု အဖြစ် ပေါင် ၁၁၅ သန်းနဲ့ ပေးပို့ထားပြီ ဖြစ်ပြီး အပြောင်းအရွှေ့ အပြီးသတ်ဖို့ အမြန် လှုပ်ရှားနေပါတယ်။