သရဲနီဟောင်းကြီး ဂယ်ရီနဗီးကတော့ နည်းပြပိုချက်တီနိုဟာ ချယ်ဆီးရဲ့ ကြယ်ပွင့်တွေကို အများကြီး တိုးတက် လာစေမယ့် သူ အဖြစ် ထုတ်ဖော် ချီးကျူးမှု ပြုလုပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတမ်းဖိုဒ့်ဘရစ်ချ်မှာ လီဗာပူး ၁-၁ သရေကျတဲ့ ပွဲစဉ်အတွင်း ပိုချက်တီနိုရဲ့ အသင်းသားတွေဟာ ပြိုင်ဘက်ရဲ့ လွှမ်းမိုးခံထားရမှုကနေ ဖောက်ထွက်လာခဲ့သလို ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ အသင်းတောင် ဖြစ်သွားခဲ့တာပါ။

‘ ချယ်ဆီးကြည့်ရတာ အတော်လေး တိုးတက်လာနေပြီး ပိုချက်တီနိုကတော့ ဒီလို မြင်ရတာကို သဘောကျမှာပါ။ မူဒရစ်၊ အီယန်မာဆန်၊ မာဒူခီ၊ ဂျက်ဆန်တို့က အတော်လေး မြန်ဆန်စွာ ပြေးလွှားကစားနိုင်ပါတယ်။ သူတို့က ဧရိယာ ထဲမှာတော့ သွေးအေးအေး မကစားနိုင်ဘဲ ဖွဲ့စည်းမှုပိုင်း လိုအပ်သလို စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။

ဒါပေမယ့်လို့ ပိုချက်တီနိုက လေ့ကျင့်ရေးကွင်းမှာ သူကြိုးစားနေတာတွေကို ပွဲထဲကို ယူဆောင်လာနိုင်ခဲ့ပါတယ်။ ချယ်ဆီး က အတော်လေး ကြိုးစားနေပြီး အတော်လေး အလားအလာ ရှိပါတယ်။

သူတို့က ကလပ်ရဲ့ အလားအလာရှိ ကစားသမားတွေထံက အမြင့်ဆုံး အရည်အချင်းတွေ ဖော်ထုတ်ဖို့ မှန်ကန်တဲ့ နည်းပြကို ရထားတယ်လို့ ထင်ပါတယ်။ ‘ လို့ နဗီးက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ဘယ်သူဖြစ်ခဲ့သလဲလို့ ရွေးချယ်ရာမှာ နဗီးက ကစားသမား နှစ်ဦးကို ရွေးထုတ်ခဲ့ပါတယ်။

‘ ပထမ နာရီဝက်လောက် ချယ်ဆီး ကစားဟန်နဲ့ ပတ်သက်ပြီး ကျနော် စိတ်ပူခဲ့သေးတယ်။ ဒါပေမယ့် သူတို့ ပွဲထဲမှာပဲ တိုးတက်လာခဲ့ပါတယ်။ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေက အန်ဇိုနဲ့ ဂါဂယ်ဂါတို့ပါပဲ။ သူတို့နှစ်ဦးက အကောင်းဆုံးပါ။ သူတို့က ပွဲထဲမှာ လွှမ်းမိုးလာခဲ့ကြပါတယ် ’ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။