နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ တော့တင်ဟမ် စပါးအသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက်ရင်ဆိုင် ကစားရမှာပါ။

ဒီပွဲစဉ်ဟာ ယူနိုက်တက် အတွက် လွယ်ကူမှာ မဟုတ်ဘဲ နိုင်ပွဲ ရဖို့ထက် သရေ ရလဒ်သာ ထွက်မယ် လို့ ပွဲ သုံးသပ် ခန့်မှန်းဆရာကြီးတွေ ဖြစ်တဲ့ တိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ်နဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် တို့က ကြိုတင် ခန့်မှန်းလာကြပါတယ်။

ဘာဘာတော့ဗ် ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲက ပွဲကောင်း ဖြစ်မှာပါ၊ ကျနော်လည်း ကွင်းထဲမှာ ရှိလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်က ဝုဗ်နဲ့ ပွဲတုန်းကလိုသာ ကစားမယ် ဆိုရင် သူတို့ ရှုံးမှာပါ။ စပါးက ဘရန့်ဖို့ဒ်နဲ့ ပွဲ ကောင်းကောင်း လုပ်ပြနိုင်ပြီး ၂ ဂိုး သွင်းခဲ့တယ်။ သူတို့ ခံစစ်ကတော့ ပိုတောင့်တင်းဖို့ လိုတယ်။ ဒီပွဲမှာ သရေပဲ လွယ်လွယ်ကျသွားမယ် ထင်တယ်။

ဘာဘာတော့ဗ် ရဲ့ ခန့်မှန်းရလဒ်။ ။ တော့တင်ဟမ် စပါး ၂-၂ မန်ချက်စတာ ယူနိုက်တက်။

ပေါမာဆန် ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ အပတ်ကလိုသာ ကစားမယ် ဆိုရင် သူတို့ နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ယူနိုက်တက်မှာက သူတို့ အကောင်းဆုံး ပုံစံ မဟုတ်ရင်တောင် နိုင်ပွဲ ရအောင် ယူနိုင်တတ်တာက ရှိတယ်။ ဒီ စပါးနဲ့ ပွဲကတော့ အရင် ဝုဗ်နဲ့ ပွဲထက် သူတို့ ပို ကျစ်ကျစ်လစ်လစ် ရှိပါလိမ့်မယ်။

စပါးက ဒီရာသီ စောင့်ကြည့်ရမယ့် တစ်သင်းပဲ လို့ ကျနော် မြင်တယ်။ သူတို့ မန်နေဂျာကို သဘောကျတယ်။ သူတို့က နောက်ဆုံးမှာတော့ တော့တင်ဟမ် စတိုင် အတိုင်း ကစားနိုင်လာပါပြီ။ ကစားသမားကောင်းတွေလည်း ရှိတယ်။ ဒါပေမယ့် ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကို အစားထိုးဖို့ကတော့ ကိစ္စကြီး တစ်ခုပေါ့။

သူတို့ ရှိတဲ့ ကစားသမားတွေကနေ ပဲ သွင်းဂိုးတွေ ရှာနိုင်မယ် ဆိုရင်တော့ စပါး အလုပ် ဖြစ်မှာပါ။ ဒါပေမယ့် ဒါက ဆွန်နဲ့ ရစ်ချာလီဆန် တို့ အတွက်တော့ ကြီးလေးတဲ့ တာဝန် ဖြစ်နေလိမ့်မယ်။

ဒါပေမယ့် ပြောရရင် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကလည်း အခြေမကျနိုင်ဘူး ဖြစ်နေသေးတာကြောင့် ဒီအပတ် စပါး အသင်း အတော် ကောင်းကောင်း လုပ်ပြနိုင်လောက်တယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်။ ။ တော့တင်ဟမ် စပါး ၂-၂ မန်ချက်စတာ ယူနိုက်တက်။

ပွဲချိန်ကတော့ စနေနေ့ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။