စပါးနည်းပြ ပေါ့စတာကိုဂလိုက ဒီည ယှဉ်ပြိုင်ရမယ့် မန်ချက်စတာ ယူနိုက်တက်ပွဲမှာ သူ့အသင်းရဲ့ အားထားရတဲ့ နောက်ခံလူ ရိုမဲရိုး ပါဝင်သွားနိုင်ဖို့ အခြေအနေ ကောင်းမွန်တယ်လို့ ထုတ်ပြောလာပါတယ်။
ဘရန့်ဖိုဒ့်နဲ့ ၂-၂ သရေကျတဲ့ပွဲမှာ ရိုမဲရိုးဟာ စပါးအတွက် ဂိုးသွင်းပေးခဲ့တာပါ။ ဒါပေမယ့်လို့ သူ့ရဲ့ ခေါင်း ဒဏ်ရာကြောင့် ကွင်းထဲ ဆက်ကစားခွင့် မပေးဘဲ ချက်ခြင်း လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ အာဂျင်တီးနား ခံစစ်မှူး ကတော့ ကွင်းထဲ ဆက်နေလိုခဲ့ပါတယ်။
ရိုမဲရိုး မရှိတဲ့ စပါးခံစစ်ဟာ ရုန်းကန်ရမှုတွေ ရှိခဲ့ပြီး ဂိုးတွေ ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ခံစစ်မှူးဟာ ဒီတစ်ပတ်လုံး ကုသမှုတွေ ကောင်းကောင်းခံယူထားကာ ယူနိုက်တက်ပွဲမှာ ပြန်ပွဲထွက်လာနိုင်ပါမယ်။
‘ ရိုမဲရိုးက အဆင်ပြေပါတယ်။ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆေးအဖွဲ့က သူ့ကို ကောင်းကောင်း ဂရုစိုက်ထားပါတယ်။ ဒီတစ်ပတ်လုံး သူအဆင်ပြေပြေ လေ့ကျင့်နေခဲ့ပါတယ်။ ဒီညပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ ’ လို့ စပါးနည်းပြက ဆိုပါတယ်။
ယူနိုက်တက်မှာတော့ ဒဏ်ရာ ထွေထွေထူးထူး မရှိပါဘူး။ ဝုဗ်ပွဲမှာ လူစားလဲခံခဲ့ရတဲ့ မာတီနက်စ်ဟာ ဒီပွဲကစားဖို့ ကြံ့ခိုင်နေပါတယ်။ ” ကြားရက် လေ့ကျင့်ရေးမှာ မာတီနက်စ် ပါခဲ့ပါတယ်။ စပါးပွဲ သူပါနိုင်မယ် ထင်ပါတယ် ” လို့ နည်းပြတန်ဟက်က ဆိုခဲ့တာ ဖြစ်ပါတယ်။