လီဗာပူးအသင်းဟာ စတုဂတ်ကနေ ဂျပန်လက်ရွေးစင် ဝါတာရူ အန်ဒိုကို ရရှိပြီးနောက် ကွင်းလယ်ခံစစ် နေရာအတွက် အပြီးသတ် ဆုံးဖြတ်ချက် ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။
ကိုင်ဆီဒို အတွက် ကလပ်စံချိန်တင်ကြေး ပေါင် သန်း ၁၁၀ ကမ်းလှမ်းမှုကော လာဗီယာအတွက် ချိတ်ဆက်မှုပါ မအောင်မြင်ခဲ့တဲ့နောက် လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါကလပ်ကနေ အသက် ၃၀ အရွယ် ဂျပန်သားကပဲ ခေါ်ယူဖြစ်ခဲ့တာပါ။
လီဗာပူးအသင်းဟာ အသက် ၃၀ အရွယ် ကစားသမား တစ်ဦးကို ခေါ်ယူတတ်တဲ့ အလေ့အထ မရှိပေမယ့် နည်းပြ ကလော့ပ်ဟာ သူ့အသင်းမှာ ကွင်းလယ်ခံစစ်သမား လိုအပ်ကြောင်း ကလပ် တာဝန်ရှိသူတွေကို တောင်းဆိုကာ အန်ဒိုကို အရခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
နံပါတ် ၆ နေရာအပြင် ဗဟိုခံစစ်မှူး နေရာမှာပါ ကစားနိုင်တဲ့ အန်ဒိုကို ခေါ်ယူအပြီး လီဗာပူးအသင်းဟာ ကွင်းလယ် ခံစစ် နေရာအတွက် ထပ်ခေါ်ဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး။
ဒါပေမယ့်လို့ ကွင်းလယ်မှာ စွယ်စုံ အသုံးပြုနိုင်မယ့် ကစားသမားသစ် ထပ်ရရေးအတွက် လီဗာပူးဘက်က ကြိုးစား သွားမှာ ဖြစ်ပါတယ်။ လက်တလောမှာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်အတွက် ကြိုးစားမှု စတင်နေပြီ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်က နယ်သာလန်သား ကွင်းလယ်လူကို ရောင်းထုတ်ဖို့ စိတ်ကူးမရှိပေမယ့် ဂရာဗင်ဘက်ချ် ကိုယ်တိုင်ကပဲ အသင်းပြောင်းခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ လီဗာပူးဘက်က အသက် ၂၁ နှစ်အရွယ် ကစားသမားအတွက် ယူရို သန်း ၂၀ ဖြင့် စကားပြောမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကစားသမားသစ် အချို့ကို အားဖြည့်ဖို့ ကြိုးစားနေပေမယ့်လို့ ကွင်းလယ် ခံစစ် နေရာအတွက် အားထုတ်သွားတော့မှာ မဟုတ်ပါဘူး။