သရဲနီဟောင်းကြီး ဂယ်ရီနဗီးက အာဆင်နယ်နည်းပြ အာတီတာအား ဂိုးသမား ဒေးဗစ် ယာယာကို လက်မှတ်ထိုး ခေါ်ယူလိုက်ခြင်းအပေါ် မေးခွန်းထုတ်လိုက်ပါတယ်။

ထိပ်တန်း ဂိုးသမား နှစ်ဦး တစ်သင်းတည်း ရှိနေခြင်းဟာ ဘယ်တုန်းကမှ အလုပ် မဖြစ်ဘူးလို့လည်း နဗီးလ်က ရှင်းလင်း ထောက်ပြသွားပါတယ်။

အာဆင်နယ်ဟာ မက်တန်နာကို ဖောရက်စ်ထံ လက်လွတ်ခဲ့ပြီးနောက် ဘရန့်ဖိုဒ့်မှ ယာယာကို ရမ်စ်ဒယ်နဲ့ နေရာ ပြိုင်ဆိုင်စေဖို့ ခေါ်ယူခဲ့တာပါ။ စကိုင်းစပေါ့ ရဲ့ ပရိုဂရမ်မှာ နဗီးက ဒီအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။

ဂယ်ရီနဗီးက ‘ အာဆင်နယ်အတွက် ပြဿနာဖြစ်လာမှာပါ။ ကျနော် အရင်ကလည်း ပြောဖူးပါတယ်။ ကျနော်က ဂိုးသမား နေရာ ပြိုင်ဆိုင်မှု ရှိနေခြင်းကို သဘောကျ ထောက်ခံတဲ့သူ မဟုတ်ပါဘူး။ ကျနော် အမြင်အရတော့ နံပါတ် ၁ နဲ့ နံပါတ် ၂ နေရာကို ရှင်းရှင်းလင်းလင်း လုပ်ထားသင့်ပါတယ်။

ကျနော်ရဲ့ ယူနိုက်တက် ကစားသမားဘဝမှာ နံပါတ် တစ်နဲ့ နံပါတ် နှစ် ဂိုးသမား နေရာတွေအတွက် အမြဲတမ်း ရှင်းရှင်း လင်းလင်း ရှိခဲ့ပါတယ်။ တခါတလေတော့ ဂိုးသမား နှစ်ဦး အပြိုင်ဖြစ်နေတာမျိုး ရှိပါတယ်။ ပြဿနာက အမှားတွေ လုပ်မိ ချိန်မှာ နောက်အပတ်မှာ ဘယ်သူ ပွဲထွက်ရမလဲ မေးမြန်းရမှု ဖြစ်လာတာပါ။

အဲ့ဒီလို တစ်ကြိမ် လုပ်လိုက်တာနဲ့ အသင်းက လူတိုင်းအတွက် ခက်ခဲတဲ့ အခြေအနေကို ဖန်တီးမိပြီးသား ဖြစ်သွား ပါတယ်။ ခံစစ်ကြောင်းနဲ့ ဂိုးသမားနေရာ တည်ငြိမ်တဲ့ လူစာရင်း မရတာက သူတို့ အမှားလုပ်မိတာနဲ့ လူစာရင်းမှာ မပါရတော့ဘူးဆိုတဲ့ စိုးရိမ်မှုကို ဖြစ်စေပါတယ်။

အာတီတာ ဘယ်လိုလုပ်မလဲ သူ ဘယ်လိုကိုင်တွယ်မလဲ ကျနော် စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို ဂိုးသမား အပြိုင်ထားတာက ဘယ်တုန်းကမှ အလုပ်မဖြစ်လို့ပါပဲ။ ’ လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။