စပိန်ကြယ်ပွင့် ဂါဘရီ ဗီဂါရဲ့ ဥရောပကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်မှုအပေါ် ရှက်စရာကောင်းတယ်လို့ ရီးရဲလ်မက်ဒရစ် အသင်းသား တိုနီခရူးစ်က ထုတ်ပြောလိုက်ပါတယ်။
လာလီဂါရဲ့ အလားအလာ အရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် မျှော်လင့်ခံထားရတဲ့ ဗီဂါကို ဒီနွေမှာ ပရီးမီးယားလိဂ် အသ်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူး၊ ချယ်ဆီး၊ မန်စီးတီး အပြင် ဥရောပထိပ်တန်းကလပ် များစွာက အလိုရှိခဲ့တာပါ။
ကစားသမားဟာ နာပိုလီအသင်းထံ ရောက်ရှိဖို့ရာ သဘောတူညီမှု ရခဲ့ပေမယ့် အပြောင်းအရွှေ့ လက်မှတ်ထိုးမှု မတိုင်ခင် ၂၄ နာရီမှာတော့ အပြောင်းအလဲ ကိစ္စကြီး ဖြစ်လာခဲ့တာပါ။
အဲဒါကတော့ အသက် ၂၁ နှစ်အရွယ် ကွင်းလယ် ကစားသမား ဟာ နာပိုလီကို မပြောင်းဘဲ ဆော်ဒီလိဂ်ထံ ပြောင်းဖို့ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။
ဆယ်တာဗီဂိုအသင်းက ပြောင်းရွှေ့ကြေး ရရှိတယ်ဆိုပေမယ့် နာပိုလီတို့ သဘောတူခဲ့တဲ့ ယူရို ၃၅ သန်းထက် အများကြီး ပိုပေးဖွယ် မရှိပါဘူး။
ဆော်ဒီကလပ် Al Ahli အသင်းထံ ဗီဂါ ပြောင်းရွှေ့မယ်ဆိုတဲ့ ရိုမန်နိုရဲ့ ဖော်ပြချက် အောက်မှာ တိုနီခရုစ်က ‘ရှက်စရာပဲ’ လို့ မှတ်ချက် ဝင်ရေးသားသွားတာ ဖြစ်ပါတယ်။
ဆော်ဒီလိဂ်ထံ ပြောင်းဖို့ စပိန် ယူ-၂၁ လက်ရွေးစင်ဘက်က ရွေးချယ်ခဲ့ခြင်းအပေါ် ဆယ်တာနည်းပြ ဘင်နီတက်စ် ကတော့
” ဒီအခြေအနေက သူ့နဲ့ သူ့မိသားစု ဘဝကို ပိုကောင်းသွားစေမှာပါ။ သူ ထွက်သွားတာ နာကျင်ရပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးအရတော့ အသင်းကို အကူအညီ ဖြစ်စေခဲ့ပါတယ် ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ဥရောပ ကလပ်တွေဟာ ဆော်ဒီလိဂ်ရဲ့ ခြိမ်းခြောက်မှုဟာ ကြီးထွားလာနေပြီး လူပြောလည်း များနေကာ မကြာခင်မှာ ဒီကိစ္စအတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ့် အလားအလာတွေ ရှိလာနေတာ ဖြစ်ပါတယ်။