ကွင်းလယ် ကစားသမား ကိုင်ဆီဒိုကို ဈေးပြိုင်ပေး ခေါ်ယူဖို့ ကြိုးစားခဲ့သေးတဲ့ လီဗာပူးအသင်း နည်းပြ ယာဂင်ကလော့ပ် နဲ့ ပတ်သတ်ပြီး ချယ်ဆီးနည်းပြ ပိုချက်တီနိုက ဒီအပတ် ပွဲကြိုမှာ ထည့်သွင်းပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီနွေမှာ ကိုင်ဆီဒိုကို ပေါင် သန်း ၈၀ ဝန်းကျင်ဖြင့် ချိတ်ဆက်နေခဲ့ပေမယ့် လီဗာပူးက ပေါင် ၁၁၁ သန်းထိ ဈေးတိုးပေးခဲ့တာပါ။ ဒါကြောင့်ပဲ ချယ်ဆီးကလည်း ကလပ် စံချိန်တင်ကြေး ပေါင် ၁၁၅ သန်းထိ ပေးရဖို့ ဖြစ်လာခဲ့ပါတယ်။

ပိုချက်တီနိုကတော့ ဘောလုံး အရွေ့ဟာ အပြောင်းအလဲ သိပ်မြန်တာမို့ အမှီလိုက်ဖို့ကလွဲရင် ရွေးချယ်စရာ မရှိပါကြောင်း ကလော့ပ် ဥပမာနဲ့အတူ အခုလို ပြောဆိုသွားပါတယ်။

‘ အနာဂတ်က ပြောင်းလဲသွားနိုင်ပါတယ်။ ဘဝတွေက ပြောင်းလဲနိုင်ပါတယ်။ ကလော့ပ်က သူဆိုရင် ကစားသမား တစ်ယောက်ကို ပေါင် သန်း ၁၀၀ မပေးဘူးလို့ ပြောတာကို ကျနော် တွေ့မိတယ်။

အဲ့နောက် လီဗာပူးက ပေါင် သန်း ၁၀၀ လောက်နဲ့ ကမ်းလှမ်းချိန်ကျတော့ သူက ‘ကျနော် မှားသွားပါတယ်’ လို့ ပြန်ပြောပါတယ်။ အခြေအနေတွေက အတူတူပါပဲ။

ဘောလုံးမှာ ရွေ့လျားမှုတွေ အပြောင်းအလဲတွေက သိပ်မြန်ပါတယ်။ ကျနော်တို့ လိုက်နိုင်ဖို့ လိုပါတယ်။ ဒီနေ့မှာ ဘာမှ အပြောင်းအလဲ မရှိဘူး။ အကယ်လို့ အပြောင်းအလဲတွေ ရှိလာခဲ့ရင် ကျနော်တို့ အသားကျလာဖို့ လိုပါမယ် ‘ လို့ ပိုချက်တီနိုက ဆိုခဲ့တာပါ။

ကလော့ပ်ဟာ ကစားသမား တစ်ယောက်ကို ပေါင် သန်း ၁၀၀ လောက်ပေးပြီး ခေါ်ယူတာက ရူးမိုက်တာပဲ ဆိုတဲ့ စကားကို ၂၀၁၆ တုန်းက ပြောခဲ့တာပါ။ ဒါပေမယ့် အခုတော့ သူပြောတာ မှားပါတယ်လို့ ဝန်ခံလာရပြီ ဖြစ်ပါတယ်။