ဒီအပတ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ ပွဲအတွက် ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က ကြိုတင် သုံးသပ် ခန့်မှန်းမှုတွေ ပြုလုပ်လာပြီ ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန်၊ အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အခုထိ တာမထွက်နိုင်သေးပါဘူး။ ဒီပွဲကလည်း သူတို့အတွက် ခက်ခဲတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်ပါလိမ့်မယ်။

ဘရိုက်တန်က ပြီးခဲ့တဲ့ရာသီ အစပိုင်းမှာလည်း အိုးထရက်ဖို့ဒ်မှာ အနိုင်ကန်ထားတာပါ။ ဒါကြောင့် ထပ်လုပ်နိုင်မယ် လို့ သူတို့ ယုံကြည်ချက် ရှိနေပါလိမ့်မယ်။ သူတို့က ကစားပုံကိုလည်း ပြောင်းလဲမှာ မဟုတ်ဘူး၊ မန်ချက်စတာ ယူနိုက်တက်ကိုလည်း ရှိန်နေမှာ မဟုတ်ပါဘူး။

လောလောဆယ်မှာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲရားနဲ့ ပတ်သတ်ပြီး ဝေဖန်သံတွေ ညံနေပါတယ်။ ဒါပေမယ့် အင်္ဂလန် မန်နေဂျာ ဆောက်ဂိတ်က မက်ဂွဲရား ဝေဖန်ခံနေရတာကို ပြောဆိုခဲ့တာတွေက အကူအညီ ဖြစ်တယ် လို့ မထင်ပါဘူး။

ဆောက်ဂိတ်ကတော့ သူ့ ကစားသမားကို သူ ကာကွယ်ပြောဆိုတာပဲ။ ဒါပေမယ့် အဲဒီလို လုပ်မှာ မီးလောင်ရာ လေပင့် ဖြစ်တော့တာပဲ။ သူ့ရဲ့ အိုးထရက်ဖို့ဒ်က အနေအထားကို ပိုဆိုးသွားစေပါမယ်။

ဒီတပတ်ပွဲကတော့ ယူနိုက်တက် အနေနဲ့ သူတို့ကိုယ် သူတို့ ပြန်ထူထောင်ဖို့ အချိန်ကောင်းပါပဲ။ သူတို့ ကောင်တာ တိုက်စစ် ဘယ်လောက် ကောင်းတယ် ဆိုတာ သိကြတာပဲ။ ဘရိုက်တန် ကစားပုံက သူတို့ အကြိုက်တောင် ဖြစ်နေဦးမယ်။

ဒါပေမယ့် ဖြစ်လာမယ်တော့ ကျနော် မထင်လှဘူး။ ယူနိုကတက်ဟာ အိမ်ကွင်းမှာ ဖြစ်နေတော့ ဘရိုက်တန်ကို တိုက်စစ် တင်ရဦးမှာပဲ။ ထိုင်ပြီး ခံစစ်ပိတ်၊ ကောင်တာချောင်းနေနိုင်ပါ့မလား ?

တကယ်လို့ ယူနိုက်တက်က ကျနော် ထင်တဲ့အတိုင်းသာ တိုက်စစ်ဖွင့် ကစားမိရင် ဘရိုက်တန်တို့ လက်ခုပ်ထဲက ရေ ဖြစ်သွားမှာပဲ။

ဖာဂူဆန်နဲ့ ဒန်နီဝဲလ်ဘတ် တို့ နှစ်ယောက်လုံး ဘရိုက်တန် ဘက်မှာ ဒဏ်ရာ ရနေတယ်။ ဒါပေမယ့် ကျနော်ကတော့ ဒီပွဲက ဖွင့် ကစားပြီး ဂိုးတွေ မြူးကြလိမ့်မယ် လို့ ထင်နေတယ်။ နောက်ပြီး စင်ယော်တွေ (ဘရိုက်တန်) ကပဲ အသာရသွားမယ် လို့ အာရုံရနေတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၃ ဘရိုက်တန် ဖြစ်ပါတယ်။