ဒီ တနင်္ဂနွေနေ့ ည ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ ချယ်ဆီး ပွဲကလွဲလို့ သွင်းဂိုးတွေ မြိုင်ဆိုင်ခဲ့ပြီး ပွဲကြီး ပွဲကောင်းတွေ ဖြစ်ခဲ့ပါတယ်။

ပွဲကောင်းတွေထဲက တစ်ပွဲအဖြစ် လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံပြီး ၃-၁ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းကတော့ ဒီတလောမှာ ၃-၁ ရလဒ်နဲ့ချည်း နိုင်တာ ၃ ပွဲ ဆက်တိုက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဆာလာ၊ ဒါဝင်၊ ဒီယက်စ်တို့ ဦးဆောင်တဲ့ လီဗာပူး တိုက်စစ်ဟာ အခွင့်အရေးတွေ အများကြီး မရပေမယ့် အန္တရာယ်ရှိတဲ့ တိုက်စစ်တွဲလုံးအဖြစ် ဝက်စ်ဟမ်းကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကလည်း ရုပ်ပိုင်းဆိုင်ရာ အားပြုတာမို့ ကြည့်ကောင်းတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။

အမ်းမရိတ်မှာ ကစားခဲ့တဲ့ အာဆင်နယ် နဲ့ တော့တင်ဟမ် စပါးအသင်းတို့ရဲ့ မြောက်လန်ဒန် ဒါဘီကတော့ တစ်ဖက် ၂ဂိုးစီ နဲ့ သရေ ကျသွားခဲ့ပါတယ်။

အာဆင်နယ်တို့ own goal နဲ့ အရင် ဦးဆောင်ခဲ့ပေမယ့် ပထမပိုင်းမှာတင်ပဲ ဆွန်က ပြန် ချေပသွားခဲ့ပြန်ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်မှာ ဆာကာ က ပင်နယ်တီကနေ ဒုတိယ ဂိုး ထပ်သွင်းလိုက်ပေမယ့် ပြောလို့တောင် မဆုံးသေးခင် တစ်မိနစ်မပြည့်ခင်မှာပဲ ဆွန်ဟောင်မင်က ထပ်မံပြီး ချေပသွားခဲ့ပြန်တာပါ။

ဒီပွဲမှာ ရိုက်စ် ဒဏ်ရာ ရသွားတာကြောင့် လူစားလဲခဲ့ရပြီး ဂျော်ဂျင်ဟို ဝင်ကစားခဲ့ပါတယ်။ အာဆင်နယ် ဂိုးသမား သစ် ရာယာ ကလည်း အတော် လက်စွမ်းပြ ကာကွယ်ခဲ့သေးတာပါ။

ဒီ တနင်္ဂနွေည အသင်းကြီးတွေရဲ့ ပွဲထဲမှာ အခြေမလှ၊ ဂိုးမရတဲ့ တစ်သင်းတည်းသော ကလပ်ကတော့ ချယ်ဆီး အသင်းပါပဲ။

စတန်းဖို့ဘရစ်ချ်မှာ ချယ်ဆီးတို့ တစ်ဂိုးမှတောင် မသွင်းနိုင်ခဲ့တဲ့ အပြင် ပွဲချိန် ၅၈ မိနစ်မှာ ဂတ်စ်တို အနီကတ်နဲ့ ထုတ်ပယ်ခံရလို့ အိမ်ရှင်တို့ ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာတော့ ဝက်စ်ကင်းက အက်စတွန်ဗီလာ အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကို သွင်းသွားတာကြောင့် ချယ်ဆီးက ၁-ဝ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

ဆန်းဒေးည ၇ နာရီခွဲ ပွဲစဉ်များအပြီး အမှတ်ပေးဇယားမှာ မန်စီးတီးက အဆင့် ၁ မှာ ဆက်လက် ဦးဆောင်ထားပြီး လီဗာပူး က ၂မှတ် အကွာ နဲ့ ဒုတိယ၊ ဘရိုက်တန်က အဆင့် ၃၊ စပါးက အဆင့် ၄၊ အာဆင်နယ်က အဆင့် ၅ ရောက်သွားပြီး ချယ်ဆီးက အဆင့် ၁၄ မှာ ရပ်တည်နေရပြီ ဖြစ်ပါတယ်။