မန်ချက်စတာ ယူနိုက်တက်က ကြားရက်က ကာရာဘောင်းမှာ ၃-၀ ဖြင့် ဖြုတ်ချနိုင်ခဲ့တဲ့ ပဲလေစ့်ကို မနေ့ညက အိုးထရက်ဖို့ဒ်မှာ ထပ်မံ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ အန်ဒါဆန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အရေးနိမ့်ပါတယ်။

ဒီပွဲမှာ အိမ်ရှင် ယူနိုက်တက်က ဖိကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ရပေမယ့်လို့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ရာသီစ ၇ ပွဲမှာ ၄ ပွဲထိကို အရေးနိမ့်ခဲ့ပြီး နည်းပြတန်ဟက် အတော်လေး ဖိအားများသွားခဲ့ပါပြီ။

ပွဲအပြီးမှာ ဒီပွဲ နိုင်ပွဲဘာကြောင့် မရခဲ့လဲအတွက် နည်းပြ တန်ဟက်ကတော့ အခုလို ဖြေရှင်း တုန့်ပြန်ခဲ့ပါတယ်။

” ပွဲထဲမှာ ပထမ ဦးဆောင် ဂိုးရဖို့က သိပ်ကို အရေးကြီးပါတယ်၊ ဒါပေမယ့် ကိုယ်က ဂိုးပေးလိုက်ရတယ်။ အဲ့လိုဖြစ်ခဲ့တာတောင် ကျနော်တို့ နိုင်နိုင်ဆဲပဲ ဖြစ်ပါတယ်။

ကိုယ်က နိုင်ပွဲရဖို့ နည်းလမ်းရှာရမှာပါ၊ ဒါပေမယ့် ကျနော်တို့ မရှာနိုင်ခဲ့ဘူး။ ရှုံးခဲ့တာအတွက် ကိုယ့်ဘာသာပဲ အပြစ်တင်ရပါမယ်။

ဘာလို့ ရှုံးလဲကတော့ ရှင်းပါတယ်။ ကျနော်တို့ တစ်ပွဲလုံး အခွင့်အရေး ၃ ကြိမ်ပဲ ပေးရတယ်၊ ၃ ကြိမ်လုံး တည်ကန်ဘောကနေပဲ။

အဲ့နောက် ကျနော်တို့ အခြေအနေကောင်းတွေ ရခဲ့ပေမယ့် ဂိုးသွင်းဖို့ရာ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေပဲ လုပ်ခဲ့မိပါတယ် ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်က ပွဲထွက်လာတဲ့ ရက်ဖိုဒ့်ဟာ ဒီပွဲမှာ အတော်လေး လိုအပ်ချက်များခဲ့ပြီး ပွဲထွက်လူစာရင်းကနေ ပါသင့်ရဲ့လား မေးခွန်းထုတ်စရာ အခြေအနေမျိုးထိ တိုက်စစ်မှာ ဆွံ့အနေခဲ့တာပဲ ဖြစ်ပါတယ်။