မနေ့ညက ပွဲမှာ အိမ်ကွင်းမှာ အာဆင်နယ်ကို ၄ ဂိုးပြတ် အရေးနိမ့်ပြီးတဲ့နောက် ဘုန်းမောက်နည်းပြက သူတို့ဟာ အာဆင်နယ်ရဲ့ ပြိုင်ဘက် မဟုတ်သလို အာတီတာရဲ့ အသင်းက ကောင်းလွန်းလှတယ်လို့ ဝန်ခံသွားပါတယ်။

အာဆင်နယ်ဟာ ဆာကာ၊ အိုဒီဂတ်၊ ဟာဗက်၊ ဘမ်ဝှိုက်တို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့တာပါ။ အေးအေးဆေးဆေးဖြင့် ၄ ဂိုးပြတ်နိုင်ပွဲရသွားခဲ့တာကြောင့် ဒီပွဲအပြီး အမှတ်ပေးဇယား ဒုတိယနေရာထိ တက်သွားနိုင်ခဲ့ပါတယ်။

အာဆင်နယ် ကောင်းလွန်းကြောင်းကို ဘုန်းမောက်နည်းပြ Iraola က ပွဲအပြီးမှာ ခုလို ဆိုခဲ့တာပါ။

“ ကျနော်တို့ဟာ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့ အဆင့်အတန်းမှာ ရှိမနေပါဘူး။ အာဆင်နယ် ကစားသွားတာ သိပ်ကောင်းတာ အမှန်ပါပဲ။

သူတို့က တော်တော်လေးကို ကောင်းလွန်းတဲ့ အသင်းပါ။ သူတို့နဲ့ ယှဉ်ပြိုင်ဖို့ဆိုရင် ကျနော်တို့ သိပ်ကောင်းနေမှ ရမှာပါ။ ကျနော်တို့ ပွဲအစမှာ ရုန်းမကစားနိုင်ခဲ့ဘူး။ သူတို့ကို အန္တရာယ် မပေးနိုင်ခဲ့ဘူး။ အာဆင်နယ်က ဘောလုံး ပိုင်ဆိုင်မှုပိုင်း တော်တော်ကောင်းတာပါ။

သူတို့မှာ ကစားသမားကောင်းတွေလည်း ရှိပါတယ်။ အိုဒီဂတ်၊ ဟာဗက်၊ ရိုက်တို့က ဘောလုံးမရှိလည်း ကောင်း၊ တစ်ဦးချင်းလည်း ကောင်း၊ ဘောလုံး ယှဉ်လုလည်း ကောင်းပါပဲ။

သူတို့ကွင်းလယ်က ဘောလုံး ဆယ်ယူနိုင်စွမ်း မြင့်မားတာဟာ တိုက်စစ်အတွက် အကူအညီဖြစ်ပါတယ်။ သူတို့မှာ ပွဲရလဒ်ကို ပြောင်းလဲစေနိုင်တဲ့ တောင်ပံသမားတွေလည်း ရှိပါတယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်အပတ်မှာတော့ ဇယားထိပ်က မန်စီးတီးနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။