တော့တင်ဟမ် စပါး ကွင်းလယ်လူ မတ်ဒီဆန်က လီဗာပူးအသင်း ရသင့်တဲ့ အနီကဒ်တွေက ထိုက်တန်ပါတယ်လို့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။
စကိုင်းစပေါ့ကနေ ဂယ်ရီနဗီးက ကာတစ်ဂျုံးဟာ ဘောလုံးကို လုယူခဲ့စဉ် ချော်ထွက်သွားတာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ ပင်နယ်တီ မပေးသင့်ကြောင်း မှတ်ချက်ပေးခဲ့တာပါ။ မတ်ဒီဆန်ကတော့ အဲ့လို မမြင်ဘဲ ဂျိုတာကော၊ ကာတစ်ဂျုံးပါ အနီရသင့်ပါတယ်လို့ သူ့အမြင်ကို ထုတ်ပြောခဲ့ပါတယ်။
မတ်ဒီဆန်က ” ဂျိုတာက သေချာပေါက် အနီကဒ် ရသင့်တာပဲလေ၊ အစောပိုင်းမှာ ကာတစ်ဂျုံးရဲ့ ဖြစ်ရပ်ကို screen ကြီးမှာ မြင်ရတော့လည်း အဲ့တာက အနီကဒ် ရသင့်တာလို့ပဲ ကျနော် ထင်မိပါတယ်။
သူတို့ လီဗာပူး ကစားသမားနှစ်ဦးရဲ့ အနီကဒ်တွေ အပေါ် ယာဂင်ကလော့ပ် ကွန်ပလိန်း တက်လို့ရမယ် မထင်ပါဘူး ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ကလော့ပ်ကတော့ အနီကဒ်တွေဟာ ထိုက်တန်တယ်လို့ မမြင်ကြောင်းကို ” ကာတစ်ဂျုံးရဲ့ အနီကဒ်က ရသင့်တယ်လို့ မြင်တဲ့သူတွေဟာ ဘောလုံး မကစားဖူးကြသူတွေပါ။ ဒါကြီးကို အနှေးပြကွက်နဲ့ ပြတာကိုက မှားနေပါပြီ။ real time ကြည့်ရင် အခြေအနေ မဆိုးတာကို မြင်ရမှာပါ။
ဂျိုတာက ဘယ်လိုလုပ်ပြီး အဝါကဒ် နှစ်ကဒ်ရမှာလဲ? ပထမကန်က သူနဲ့တောင် မထိခဲ့တဲ့ ကိစ္စ။ ကျနော်တို့ ၉ ယောက် ကျန် ကစားခဲ့ရပြီး ၈ ယောက်တည်းနဲ့ ယှဉ်ရလုနီးပါး ဖြစ်ခဲ့တာပါ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။