ဒီနွေကမှ လီဗာပူးအသင်းထံ ရောက်ရှိလာတဲ့ ကွင်းလယ်လူသစ် ဂရာဗင်ဘက်ချ်က သူ အခင်ဆုံး ကစားသမားအဖြစ် အာဆင်နယ် ကြယ်ပွင့် ကစားသမား တင်ဘာကို ရွေးချယ်သွားပါတယ်။

နယ်သာလန် ကစားသမား နှစ်ဦးလုံးဟာ အေဂျက် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး စီနီယာအဆင့်ကို အတူ ရောက်ရှိခဲ့သူပါ။ အခုချိန်မှာတော့ သူတို့ နှစ်ဦးဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် ကလပ်တွေထံ ရောက်ရှိနေခဲ့ပါပြီ။

တင်ဘာကလည်း ဒီနွေမှာ အေဂျက်ကနေ အာဆင်နယ်ထံ ပေါင် ၃၄ သန်းဖြင့် ပြောင်းလာခဲ့ပြီး ဂရာဗင်ဘက်ချ် ကလည်း ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးထံ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ပါတယ်။

ဂရာဗင်ဘက်ချ်က “ တင်ဘာက ကျနော်အတွက် သူငယ်ချင်းကောင်းပဲ ဖြစ်ပါတယ်။ ကျနော် ဘဝ တစ်လျှောက်လုံး သူနဲ့အတူ တွဲဖက်ကစားခဲ့တယ်။ ကျနော်အတွက်တော့ သူက ညီအစ်ကိုလိုပါပဲ။ ဒါကြောင့်ပဲ သူနဲ့အတူ တွဲကစားချင်တယ် လို့ ရွေးချယ်ရတာပါ။ ” လို့ ထုတ်ပြောခဲ့တယ်။

အာဆင်နယ် နောက်ခံလူ တင်ဘာဟာ ရာသီအဖွင့်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ၂၀၂၄ ခုနှစ် မတိုင်ခင်ထိ ဘောလုံး ကစားနိုင်ဖွယ် မရှိပါဘူး။

ဂရာဗင်ဘက်ချ်ကတော့ ကလပ်အသင်းသစ် လီဗာပူးမှာ ပွဲကစားခွင့်တွေ ရနေပြီး စတင် အထိုင်ကျနေပြီ ဖြစ်ပါတယ်။