မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့ပေမယ့် ဒီရာသီ ပြီးချိန်မှာ အဆင့် ၅ အတွင်းတောင် ဝင်ဖွယ် မရှိဘူးလို့ သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ်က သုံးသပ် အကဲဖြတ်လိုက်ပါတယ်။
ချယ်ဆီးကလည်း ယူနိုက်တက် နောက် တစ်မှတ် အကွာမှာ ရှိနေပြီး တန်ဟက် အသင်း နည်းတူ သိပ် မကောင်းလှတဲ့ ရာသီတာထွက် ပိုင်ဆိုင်ထားသော်လည်း ချယ်ဆီးက နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၂ ပွဲ ဆက် နိုင်ထားက ဟန်ချက် ပြန်ညီလာဟန် ရှိနေပါတယ်။
နဗီးလ်ကတော့ လက်ရှိ ယူနိုက်တက် ထက် စာရင် ချယ်ဆီးကတောင် နောက်ရာသီ ဥရောပ ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းလိမ့်မယ် လို့ ယူဆနေပါတယ်။
” မန်ချက်စတာ ယူနိုက်တက် က ဒီရာသီ အဆင့် ၅ အတွင်းတောင် ဝင်မယ်လို့ မထင်ဘူး။ သူတို့က အများကြီးကို လိုအပ်ချက်တွေ ရှိနေသေးတာ။
ကျွန်တော် အံ့တော့ အံ့သြမိနေတယ်။ လွန်ခဲ့တဲ့ သီတင်းပတ် ၇ပတ် ၈ ပတ်လောက်တုန်းကမှ သူတို့ အဆင့် ၃ လို့ ကျွန်တော် ပြောခဲ့သေးတာပါ။
ဒါပေမယ့် လက်ရှိ အခု မြင်နေရတဲ့ အနေအထားနဲ့ ဆိုရင်တော့ ဂိုးသမားက အခုထိ အခြေမကျနိုင် ဖြစ်နေသေးတယ်။ ဘရန့်ဖို့ဒ်နဲ့ ပွဲက တစ်လုံး ဆိုရင် သူ ကာကွယ်နိုင်ခဲ့သင့်တာ။ ဒါက ပြသနာ တစ်ခု ဖြစ်လာနေပြီ။
အသင်းမှာ ဂိုးသမားက အထိုင်မကျဘူး ဆိုမှတော့ တစ်သင်းလုံးက မတည်ငြိမ်နိုင်တော့ဘူးလေ။ ဒါက ပြသနာ အကြီးကြီးကို ဖြစ်စေပါတယ်။ ယူနိုက်တက်မှာ အဲဒီလို ကိစ္စမျိုး ကြုံလည်း ကြုံခဲ့ဖူးပါတယ်။
ချယ်ဆီးမှာကတော့ သူတို့က ဇယား အပေါ်နားကို ရောက်နိုင်ဦးမယ် လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ တကယ်ကို ကောင်းပြီး ငယ်ရွယ်တဲ့ ကစားသမားတွေ ရှိနေတယ်။ သူတို့ အသက်အရွယ်တန်းက ယူနိုက်တက် လူစာရင်းထက် အများကြီးကို သာတယ်။” လို့ နဗီးလ်က ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။