အန်ဒီ ရော်ဘတ်ဆန်ဟာ ဒဏ်ရာကြောင့် ၃ လဝန်းကျင် အနားယူရမယ် ခန့်မှန်းထားရပြီး အဲ့အတွင်းမှာ လီဗာပူးအသင်းဟာ ပွဲပေါင်း ၁၄ ပွဲကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အဲဗာတန်ပွဲမှာတော့ ဘယ်အစွန်လူ အဖြစ် ကိုစတက်ကို ထုတ်သုံးခဲ့ပြီး ပွဲချိန်တွင်းမှာ ဒီယက်ဇ်ကို နောက်ဆင်းစေခဲ့ကာ ပွဲပြီးခါနီး ဂိုးမက်စ်ကို တာဝန်ယူစေတဲ့ထိ ၃ ဦး အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

ဘယ်ခြမ်းနေရာ ကိုစတက်က ဦးစားပေး ရွေးချယ်စရာ ရှိလာပေမယ့် အသက် ၂၇ နှစ်အရွယ် ဂရိသားဟာ ပွဲတိုင်းတော့ ကစားရမှာ မဟုတ်ပါဘူး။ စီနီယာတွေ မဟုတ်ဘဲ ဘယ်အစွန်နေရာအတွက် အခြားသော ရွေးချယ်စရာတွေက လုခ်ချမ်ဘာ ၁၉ နှစ်နဲ့ ကော်လမ် စကန်လွန် ၁၈ နှစ်တို့ ရှိနေပါတယ်။

လီဗာပူးလေ့ကျင့်ရေးမှာ ဆာလာကို နေ့စဉ် ရင်ဆိုင်နေရတဲ့ ဘယ်အစွန်လူ ချမ်ဘာကို အသင်းနည်းပြအဖွဲ့က အထင်ကြီးပါတယ်။ သူ့ကို ဘယ်အစွန်လူ စစ်စစ်အဖြစ် မြင်ထားပြီး ဗဟိုခံစစ်မှူးနေရာလည်း ကစားနိုင်ပါတယ်။

စကန်လွန်ကတော့ တိုက်စစ်အားသန် ကစားသမားမျိုးဖြစ်ပြီး သူ့ရဲ့ စိတ်ထား၊ သင်ယူလိုခြင်းနဲ့ လေးစားတတ်မှုတွေကြောင့် နည်းပြအဖွဲ့က သဘောကျခြင်း ခံရပါတယ်။ စကန်လွန်ဟာ ခံစစ်ပိုင်း ကူညီမှုမှာ လိုအပ်မှုရှိနေဆဲ ဖြစ်ပါတယ်။

ချမ်ဘာနဲ့ စကန်လွန်တို့ဟာ မတူညီတဲ့ ဘယ်အစွန်လူ နှစ်ဦးအဖြစ် နည်းပြအဖွဲ့ရဲ့ သတိပြုမိခြင်းကို ခံထားရပြီး ဒီနှစ်ထဲမှာ စီနီယာအဆင့် ပွဲထွက်ခွင့်ကို ရရှိသွားမယ်လို့ မှန်းဆခံနေရပါတယ်။