နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ညမှာ ကိုပင်ဟေဂင် နဲ့ ချန်ပီယံလိဂ် အုပ်စု အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ပွဲကတော့ ည ၂နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။
ဒီပွဲ အတွက် ယူနိုက်တက် အသင်းသားတွေ အဝေကွင်းထံ ခရီးမထွက်ခင် ပွဲကြိုလေ့ကျင့်ရေးမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖိုဒ့် ပြန်လည် ပါဝင်လာခဲ့တာ တွေ့ရပါတယ်။
ဖူလ်ဟမ်ပွဲ မတိုင်ခင် ထိခိုက်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်ခဲ့ပေမယ့် ကိုပင်ဟေဂင်နဲ့ ပွဲကြို လေ့ကျင့်ရေးမှာ ရက်ဖိုဒ့်ကို ပြန်တွေ့ရတာပါ။ သူ့ကို ပွဲထွက်ကနေ ထုတ်သုံးမလား မသိရသေးပေမယ့်လို့ ကွင်းဖွင့် လေ့ကျင့်ရေးမှာ ပြန်မြင်ရတာကတော့ သတင်းကောင်းပဲ ဖြစ်ပါတယ်။
ကိုပင်ဟေဂင်နဲ့ ပွဲကြို ကာရင်တန်မှာ လေ့ကျင့်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ လူစာရင်း ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- ဂိုးသမား – အိုနာနာ၊ ဘယ်ရင်ဒီယာ၊ ဟီတန်။
- ခံစစ် – မက်ဂွဲရား၊ အီဗန်၊ ဘစ်ဆာကာ၊ ဒါလော့၊ လင်ဒီအော့၊ ဗာရန်း၊ ရီဂွယ်လွန်။
- ကွင်းလယ် – တော်မီနေး၊ ဗန်ဒီဘိခ်၊ အမရာဘတ်၊ မောင့်၊ ဟာနီဘယ်၊ ဖာနန်ဒက်စ်၊ အဲရစ်ဆန်။
- တိုက်စစ် – ရက်ဖိုဒ့်၊ အန်တိုနီ၊ ဟွိုင်လန်း၊ မာရှယ်၊ ဖော်ဆန်၊ ဂနာချို၊ ပယ်လီစတွီ။
ဖူလ်ဟမ်ပွဲမှာပဲ အဖျားကြောင့် ပွဲနေ့ လူစာရင်းမှာ မပါခဲ့တဲ့ ခံစစ်မှူး လင်ဒီအော့ဖ်ကိုလည်း ဒီပွဲကြို လေ့ကျင့်ရေးမှာ ပြန်မြင်ထားရ ပါတယ်။ လူငယ်ကြယ်ပွင့် ကိုဘေး မိုင်နူး ကိုတော့ လေ့ကျင့်ရေးမှာ တွေ့ရခြင်း မရှိပါဘူး။
ကာဆီမီရိုနဲ့ မာတီနက်စ်လို ကာလရှည် ဒဏ်ရာရထားတဲ့ ကစားသမားတွေ လေ့ကျင့်ရေး မဝင်နိုင်သေးသလို လုခ်ရှော ကလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။