လူတန်တောင်း ပွဲမှာကော တူးလုစ့်ပွဲမှာပါ ရလဒ်တွေ မကောင်းတဲ့နောက် လီဗာပူးက ပွဲပန်းနေတာလားလို့ မေးခံရမှုကို ကလော့ပ်က ငြင်းဆန်ခဲ့ပြီး ပွဲဆက်တယ်ပြောရင် ဆင်ခြေဖြစ်ကာ ခံစစ်ပိုင်း အားစိုက်ထုတ်မှုနည်းလို့ ရှုံးရတာလို့ ရှင်းပြသွားပါတယ်။

“ မဟုတ်ပါဘူး၊ ပွဲပန်းနေတာက ကျနော်တို့ရဲ့ ပြဿနာ မဟုတ်ပါဘူး။ ဆုံးဖြတ်ရတာက လွယ်လွယ်လေးပါ၊ ကျနော်တို့ ဘယ်လို ကစားချင်လဲ ဆိုတာကို ဆုံးဖြတ်ရတယ်၊ ကွင်းထဲမှာ ကောင်လေးတွေက သူတို့ ဘယ်လိုကစားချင်လဲ ဆုံးဖြတ်ရပါတယ်။

ကျနော်တို့က သိပ်ကောင်းတဲ့ ဘောလုံးအသင်း တစ်သင်းဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် ခံစစ်ပိုင်း စိန်ခေါ်မှုတွေ မလုပ်နိုင်ရင်တော့ အသင်းကောင်းတစ်သင်း မဖြစ်နိုင်ပါဘူး ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂% တောင် ရှိပေမယ့် အသင်းရဲ့ ခံစစ်ညံ့ပြီး အားမာန်မပါတဲ့ ကစားဟန်ကြောင့် ထိုက်တန်တဲ့ အရှုံးလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြတာပါ။

ကလော့ပ်ကပဲ ဆက်လက်ပြီး “ ကျနော်တို့က လုံလောက်တဲ့ တိုက်ခိုက်လိုစိတ်နဲ့ မကစားခဲ့ပါဘူး။ ပိုပြီး တိုက်ခိုက်ရမှာ၊ စိန်ခေါ်မှုတွေကို ပိုပြီး အားထုတ်ရမှာ၊ အဲ့တာမှ ထိုက်တန်တဲ့ ရလဒ် ထွက်မှာပါ ” လို့ ထပ်ဆောင်း​ ပြောဆိုသွားတာ ဖြစ်ပါတယ်။