မနေ့ညက ချယ်ဆီး ၄-၄ မန်စီးတီး ပွဲအပြီးမှာ လီဗာပူး နောက်ခံလူကြီး ဂျင်မီ ကာရေဂါကတော့ ဒီရာသီ စီးတီးတို့ ရလဒ်တွေ အပြည့်အဝ ယူနိုင်စွမ်း ရုန်းကန်နေရခြင်းဟာ အခြားသော ပရီးမီးယားလိဂ် ကလပ်အတွက် အကျိုးအမြတ် ဖြစ်စေမယ်လို့ ထုတ်ပြောလာပါတယ်။
ဒီနွေမှာ အာဆင်နယ်က လူစာရင်း အပြောင်းအလဲကြီး သိပ်မရှိဘဲ တည်တည်ငြိမ်ငြိမ် စတင်လာခဲ့ပြီး နောက်ထပ် တစ်သင်းဖြစ်တဲ့ လီဗာပူးကတော့ ကွင်းလယ်တစ်ခုလုံး အသစ် ပြန်တည်ဆောက်လာနေခြင်း ဖြစ်ပါတယ်။
ကာရေဂါက ” အခုအခြေအနေမှာ စီးတီးက လီဗာပူးနဲ့ အာဆင်နယ်တို့ထက် ပိုကောင်းတဲ့ လယ်ဗယ်မှာ ရှိနေပါတယ်။ အသင်းတွေ တိုးတက်လာတာနဲ့အမျှ လာမယ့် ၄ လ၊ ၅ လမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ သေချာ တာတော့ လီဗာပူးပေါ့။ သူတို့မှာ ကစားသမားသစ်တွေ အများကြီး ရှိနေပါတယ်။
ဒါပေမယ့် တစ်ခုရှိတာက ဒီရာသီမှာ အကောင်းဆုံး မန်စီးတီး အသင်းကို မမြင်ရသေးပါဘူး။ သူတို့ ဇယားထိပ်မှာ ရပ်တည်နိုင်နေဆဲပါ။
အမှတ်ပေးဇယားကို ကြည့်မယ်ဆိုရင် အတော်လေး ကောင်းပါတယ်။ စီးတီးက ဖယ်ခွာ မသွားသေးဘူး။ ဒီလိဂ်မှာ ရလဒ်ကောင်းတွေ ရနေဆဲဖြစ်တယ်။ ဘောလုံးရာသီ ပိုကြာလာတာနဲ့ ကွာခြားမှုတွေ ကြီးမားလာနိုင်ပါတယ်။
စီးတီးရဲ့ အထက်ကို တက်ပြီး ဖလားစိန်ခေါ်နိုင်မယ်လို့ လီဗာပူးတို့ ဘာလို့များ မမျှော်လင့်နိုင်ရမှာလဲ။ ကုန်ခဲ့တဲ့ နှစ်တွေ တုန်းက လီဗာပူးက မန်စီးတီးကို အတော်လေး ဖိအားပေးနိုင်ခဲ့တဲ့ အသင်းပဲ ဖြစ်ပါတယ်။
အခုကတော့ လီဗာပူး အသင်းသစ်ပါ ဒါပေမယ့် ဒီအသင်းက မန်စီးတီးရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့မှာ စီးတီးကို စိန်ခေါ်ခဲ့တဲ့ မန်နေဂျာနဲ့ ကစားသမားတွေ ရှိနေဆဲ ဖြစ်ပါတယ် ” လို့ ပြောဆို သွားတာ ဖြစ်ပါတယ်။